၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေးနှစ်ထက် ရငွေများပိုမိုရရှိမည်ဟု ခန့်မှန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေးနှစ်ထက် ရငွေများပိုမိုရရှိမည်ဟု ခန့်မှန်း





MNP ၊ မတ် ၁၀

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြလာသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏အရ အသုံးခန့်မှန်းခြေ ငွေစာရင်းများကို စိစစ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကိုအခြေခံ၍ ဘဏ္ဍာနှစ်အလိုက်၊ ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြိုတင်စိစစ်တင်ပြလာသည့် ပြည်ထောင်စု၏အရအသုံး ခန့်မှန်းခြေလျာထားချက်စာရင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီတို့နှင့် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကာ ထပ်ဆင့်စိစစ်သွားမည်ဖြစ်ကြောင်း။


ယခု အချိန်ကာလသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်းကို ကောင်းစွာထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင်ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်လာပြီဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထက် ရငွေများပိုမိုရရှိမည်ဟု ခန့်မှန်းပါကြောင်း၊ အသုံးစရိတ်နှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရရှိနိုင်မည့်ရငွေအပေါ် မူတည်ခွဲဝေလျာထားရမည်ဖြစ်ပြီး ဘတ်ဂျက်လိုငွေ အခြေအနေကိုလည်း သင့်တင့်လျောက်ပတ်စွာ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သုံးသင့်သုံးထိုက်သည့် အသုံးစရိတ်များနှင့် မသုံးသင့် မသုံးထိုက်သည့် အသုံးစရိတ်များကို စိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် မဖြစ်မနေခွင့်ပြုရသည့် လစာနှင့်စရိတ်များ၊ လုပ်အားခများ၊ ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊ လူမှုကာကွယ် စောင့်ရှောက်ရေးအသုံးစရိတ်များအပါအဝင် သာမန်အသုံးစရိတ်များနှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးသုံးစွဲရမည့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်အပါအဝင် ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေ မည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအသုံးစရိတ်များ၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးအစီအစဉ်များ အလိုက် ခွင့်ပြုပေးသွားရမည်ဖြစ်ကြောင်း။


စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ စက်သုံးဆီများသည် ကမ္ဘာနှင့်တစ်ဝန်း ဈေးနှုန်းမြင့်တက်နေ သည့် အခြေအနေဖြစ်ကြောင်း၊ ပြည်ပမှ မှာယူတင်သွင်းရပြီး ဈေးနှုန်းကြီးမြင့်သည့်အတွက် နိုင်ငံခြား ငွေသုံးစွဲမှုလျော့နည်းစေရန်နှင့် အသုံးစရိတ်များ မြင့်မားမှုကို ရှောင်ရှားသည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုများကို တတ်နိုင်သမျှလျှော့ချသုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စက်သုံးဆီသုံးစွဲမှုများကို အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက်ဖြစ်စေ စိစိစစ်စစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း၊ ရုံးသစ်များ၊ ဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ခြင်းများနှင့်ပတ်သက်၍ သာမန်အားဖြင့်ခွင့်ပြုမည် မဟုတ်ဘဲ လိုအပ်ချက်အပေါ်မူတည်၍ နယ်မြေဒေသ အခြေအနေ၊ လုံခြုံရေးအခြေအနေများအရ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရုံးသုံးစက်ကိရိယာ၊ ရုံးသုံး စက်ပစ္စည်း၊ ပရိဘောဂများ ဝယ်ယူခြင်းနှင့်ပတ်သက်၍ Luxury ပစ္စည်းများဝယ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ဌာနအတွက်လိုအပ်သည့်အခြေအနေနှင့် ယခင် ဝယ်ယူထားသည့်အခြေအနေတို့ကို စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း။


ယခု ညှိနှိုင်းအစည်းအဝေးတွင် အချို့ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာအကြီးအကဲများ၏ လတ်တလောညွှန်ကြားချက်နှင့် မဖြစ်မနေဆောင်ရွက်ရမည့် တာဝန်ပေးချက်များအရ ထပ်မံတင်ပြမည့်အချက်များကို ပွင့်လင်းစွာတင်ပြဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်သည့်အချိန်တွင် ဌာန၊ အဖွဲ့အစည်းများ၏ လျာထားချက်များအပေါ် အကျေအလည်ညှိနှိုင်းပြီး စိစစ်ထားပြီး ဖြစ်သည်ဟုသိရကြောင်း၊ ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် ရငွေလျာထားချက်များနှင့် အသုံးစရိတ်လျာထားချက်များအပေါ်တွင် ပြင်ဆင်ရန်ရှိပါက ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း၊ လုပ်ငန်း လိုအပ်ချက်အရလည်းကောင်း၊ အမှန်တကယ် ဆောင်ရွက်ရမည့် အခြေအနေအရလည်းကောင်း တင်ပြရန်ရှိပါက ဆက်လက်တင်ပြနိုင်ကြောင်း ပြောကြားသည်။


ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြလာသော ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်ပြီးဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်ခြေငွေစာရင်းများကို ရှင်းလင်း တင်ပြသည်။


ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ရငွေ၊ သုံးငွေ စာရင်းများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ရှင်းလင်းတင်ပြကြရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။


ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)