နစက ဥက္ကဋ္ဌ ၏ စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ် တည်ငြိမ်အေးချမ်းရေးအတွက် အစပြုနိုင်ပါစေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နစက ဥက္ကဋ္ဌ ၏ စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ် တည်ငြိမ်အေးချမ်းရေးအတွက် အစပြုနိုင်ပါစေ


MNP ၊ မတ် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်သူအများသိကြပြီး ဖြစ်တဲ့အတိုင်း စစ်ကိုင်းတိုင်းဒေသကြီးဟာ ယခုကာလမှ NLD အစွန်းရောက်တွေဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့ KIA ပူးပေါင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ်မှာ အလွန်အမင်း ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေ ကျူးလွန်ရာဒေသ ဖြစ်နေပါတယ်။ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ကိုင်တုတ် PDF နဲ့ KIA ပူးပေါင်းပြီး သံဃာတော်များကို သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပေါ် ဒရုန်းဖြင့် drop bomb ပစ်ချခြင်း၊ တောင်သူများကို မိုင်းစွဲတိုက်ခိုက်ခြင်းများ အဆက်အပြတ်လုပ်ဆောင်နေရာ ဒေသဖြစ်ပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မတိုင်မီ က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း က မြို့နယ်တချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက KIA/PDF အကြမ်းဖက်စခန်းတွေကို လိုက်လံရှင်းလင်းခဲ့တာမျိုး သတင်းတွေ ကြားသိခဲ့ရပါတယ်။ ပေါက်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တွေမှာ အကြမ်းဖက်စခန်းတွေကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့တဲ့ သတင်းတွေ တွေ့မြင်ရပါတယ်။ လုံခြုံရေးအဖွဲ့များအနေနဲ့ အကြမ်းဖက်စခန်းများကို ရှင်းလင်းမှုနဲ့အတူ KIA/PDF အကြမ်းဖက်အဖွဲ့တွေရဲ့ အခြေအနေကို သုံးသပ်မိတာကတော့ တပ်မတော်ကို တော်လှန်မယ်ဆိုတဲ့ သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်တဲ့အခါမှာတော့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ စခန်းစွန့်ခွါထွက်ပြေးနေကြတဲ့ သဘောကို မြင်တွေ့ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ KIA/PDF အကြမ်းဖက်သမားတွေကို ထိတွေ့မှုမရှိဘဲ အကြမ်းဖက်စခန်းတွေကို ရှင်းလင်း၊ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်း ဖျက်ဆီးခဲ့တာမျိုး တွေ့မြင်ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရီးစဉ်အကြို အကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းထားတာလို့ မှတ်ယူလို့ ရပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို ခရီးတွေထွက်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ ထူပြောနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ခရီးထွက်ခဲ့စဉ်မှာ တပ်မတော် အရာရှိ၊ စစ်သည် မိသားစုများနဲ့ တွေ့ဆုံ၍ တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်နေရတဲ့အခြေအနေကို ရှင်းလင်းပြောဆိုခဲ့သလို ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံခဲ့တာတွေ ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသပြီး ခရီးစဉ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် “အင်အား” ဟူသည့်စကားမှာ စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း နိုင်ငံတော်အတွက်၊ တပ်မတော်အတွက် ကောင်းမွန်တိုးတက်သော အပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်မှုအား၊ နိုင်ငံအတွင်း စုစည်းညီညွတ်မှုအင်အားများကို မဖြစ်မနေ တည်ဆောက်သွားရမည်ဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေးတပ်မတော်မှ ဦးဆောင်ခဲ့သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမို ကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ ခေတ်အဆက်ဆက် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲခဲ့မှု အခြေအနေများနှင့် တပ်မတော်အနေဖြင့် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးတို့ကို တရားဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲများ၊ နိုင်ငံရေးအကြောင်းပြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုရရှိရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး အတွက် -

တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျင်လွတ်လပ်၍ တရားမျှတသည့်၊ စစ်မှန်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီးဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများ မရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလာဒ်များမှန်ကန်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မဖြစ်မနေဆောင်ရွက် ဆောင်ရွက်ပေးရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေးသည် အဓိကလိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်အနေဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများအရ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ရလာဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆက်လက်၍လည်း အသေးစိတ်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ နယ်မြေဒေသများအလိုက် တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ရေးစွမ်းရည် ထက်မြက်ရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေး -

သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် နယ်မြေတည်ငြိမ်အေးချမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို အပြည့်အဝအသုံးချရန်လိုပြီး စစ်ရေးစွမ်းရည် ထက်မြက်နေရန်အတွက် အမြဲမပြတ်‌လေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားများ အားလုံးသည် တတ်မြောက်ရမည့် အခြေခံစစ်ပညာသင်တန်းများကို သင်ကြားပြီးမြောက်ပြီးဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း သင်ယူတတ်မြောက်ထားသည့် စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို အပြည့်အဝ အသုံးချမှသာ စစ်မြေပြင်တွင် ထိခိုက်မှု နည်းပါး စေမည် ဖြစ်ကြောင်း၊ စစ်အတတ်ပညာများ အမြဲအသုံးချနိုင်ရေး Fit For Duty ဖြစ်အောင် နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်နေရန်လိုကြောင်း၊ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement) ကို လိုက်နာပြီး စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်၍ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီနေထိုင်ခြင်းသည် မိမိကိုယ်ကို စစ်သားကောင်းတစ်ဦးအဖြစ် ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်းအနေဖြင့် အလေးထား လိုက်နာ ဆောင်ရွက်ကြရန်လိုကြောင်း။

မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ ကြိုးစားအားထုတ်၍ ဆောင်ရွက်ပါက အောင်မြင်နိုင်မည် ဖြစ်သဖြင့် ကြိုးစားအားထုတ်လုပ်ဆောင်တတ်သည့် “အား” ကို မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုရှိမှသာလျင် တပ်အတွင်း၌ စုစည်းညီညွတ်သည့် “အား” တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိမှသာလျင် တပ်တွင်းစည်းလုံး ညီညွတ်မှုအား ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ မိသားစုအပေါ် သစ္စာရှိရန်၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ် သစ္စာရှိရန်၊ တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်အတွက် စောင့်ထိန်းကြရန်လိုကြောင်း၊ “တပ်မတော်၏ အား” “နိုင်ငံတော်၏အား” မြှင့်တင်နိုင်မည့်ကိစ္စရပ်များကို လုပ်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ အကျိုးအတွက် အမြင်ကျယ်ကျယ်ဖြင့် စဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပညာရည်မြှင့်တင်ရေး အားပေးဆောင်ရွက်ကြရန် -

လူတစ်ဦး၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့်လည်း မိမိတို့အတွက် ဗဟုသုတများ တိုးပွားစေနိုင်သည့် စာပေများကို လေ့လာဖတ်မှတ်ခြင်းများကို အမြဲမပြတ်ဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်း၏အကျိုးကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်အတွင်း မိမိတို့၏ ကလေးငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် သင်ကြားခဲ့ရသည့် ကျောင်းစာများကို ပြန်လည်ဖတ်ရှုလေ့လာခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာအခြေခံသင်တန်းများနှင့် အခြားသောနွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့၏သားသမီးများ လမ်းမမှားစေရေး ထိန်းကြောင်းပေးရန်လိုသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း အသိ၊ သတိဖြင့် နေထိုင်ဆောင်ရွက်ရန်လိုကြောင်း။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အသောက်အစား၊ အပျော်အပါးနှင့် လောင်းကစားမှုများကို တစ်ဦးချင်း အသိ၊ သတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် -

မိမိအတွက် အကျိုးမရှိစေနိုင်သည့် အသောက်အစား အပျော်အပါးများကို ရှောင်ရှားကြ ရန်လိုကြောင်း၊ ဆေးလိပ်၊ အရက်နှင့် ကွမ်းတို့ကို သုံးစွဲခြင်းသည် မိမိတို့တစ်ဦးချင်းနှင့် ပတ်ဝန်းကျင်၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်သာမက လူမှုစီးပွားကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ဆင်ခြင်မှုတရားမဲ့စွာဖြင့် သောက်စားပျော်ပါးခြင်း၊ လောင်းကစားခြင်းများကြောင့် မိသားစု၏စားဝတ်နေရေးကို ထိခိုက်စေနိုင်သဖြင့် တစ်ဦးချင်းအသိစိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လောင်းကစားပြုလုပ်ခြင်းများကို လုံးဝရှောင်ကြဉ်ကြရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ရိက္ခာများကို အရာရှိ၊ စစ်သည်များအားလုံး ပြည့်ဝစွာစားသုံးရန်လိုကြောင်း -

တပ်မတော်မှ စနစ်တကျတွက်ချက် ထုတ်ပေးထားသည့် ရိက္ခာများကို အရာရှိ၊ စစ်သည်များအားလုံး ပြည့်ဝစွာစားသုံးရန်လိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းသက်သာ ချောင်ချိရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ စစ်သည်၊ မိသားစုတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှု ကောင်းမွန်စွာဖြင့် ဆောင်ရွက်တတ်သည့် “အား” ကို မွေးမြူဆောင်ရွက်နိုင်မည်ဆိုပါက တပ်တွင်းစည်းလုံး ညီညွတ်မှုကို ဖြစ်ထွန်းစေပြီး အောင်မြင် မှုများကိုရရှိနိုင်မည်ဖြစ်သည့်အတွက် စုစည်းညီညွတ်သည့် “အား” များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုး ရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုနှင့် တိုးတက်ကောင်းမွန်လာမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များက ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အထူးအားဖြင့် တည်ငြိမ်အေးချမ်းမှု အပြည့်အဝရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA/PDF အကြမ်းဖက်သမားများ ခြေကုတ်ယူ ဆိုးသွမ်းရာ နယ်မြေဖြစ်လာပြီးနောက်ပိုင်းမှာ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေ ထူပြောရာ ဒေသဖြစ်ခဲ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှ အစပြု၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တည်ငြိမ်အေးချမ်းမှုအတွက် အစပြုနိုင်ပါစေ။ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းပါစေ။ အကြမ်းဖက်အဖွဲ့အစည်းအတွေ ကျဆုံးပါစေကြောင်း ။  ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)