MNP ၊ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျောင်းတော်ရာကျေးရွာအုပ်စုသို့ ကွင်းဆင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ရဲလင်းနောင် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ် ကင်းဝေးစေရေး မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရေး၊ မီးလောင်ကျွမ်းမှု ဖြစ်စေတတ်သော လောင်စာဆီများနှင့် လောင်စာများ သိုလှောင်ထားခြင်း မပြုရန်၊ နေအိမ်တွင် တပ်ဆင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ အခါအားလျော်စွာ စစ်ဆေးအသုံးပြုကြရန်၊ မီးသွေး/ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု/ မီးလန့်မှုများ ဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့အကူအညီ တောင်းခံကြရန်စသည့် မီးဘေးအန္တရာယ် သတိပြုလိုက်နာရမည့်အချက်များကို ဒေသခံပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် “မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး” ဟူသော ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယင်းတာဝန်ကြီး(၄)ရပ်တွင် ပါဝင်သည့် ပြည်သူလူထု မီးဘေးလုံခြုံစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း ၊ တစ်အိမ်တက်ဆင်းကွင်းဆင်းပြီး မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost

No comments:
Post a Comment