ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ




MNP ၊ မတ်  ၂၀

ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ ကျိုက္ကလွန်ပွန်းဘုရားလမ်းရှိ ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ယမန်နေ့နံနက်ပိုင်းအချိန်က စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုတင်လှူပေးခဲ့သည်။


အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက ဇေယျာသီရိအာသောကကျောင်းတိုက်၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသီရိန္ဒ မထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သဇ္စျာယ်တော်မူကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကိုယူဆောင်၍ စေတီတော်မြတ်ကြီး ဝတ္ထုကံနယ်မြေတွင် ပက်ဖျန်းကြဲဖြန့်ချီနှောင်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် အလှူရှင်များကဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြက်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် ပဲခူးမြို့၊ မဟာစည်သာသနာ့ရိပ်သာဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စမထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေခဲ့ကြပြီး ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်များကို မင်္ဂလာဝေါယာဉ်ဖြင့် စေတီတော်မြတ်ကြီးအား လက်ယာရစ်(၁)ပတ် လှည့်လည်ပူဇော်ကာ မင်္ဂလာအချိန်တွင် ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်၍ ရတနာငှက်မြက်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်ထိပ်သို့ တင်လှူပူဇော်ခဲ့ကြသည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်များက ဇယန္တောဗောဓိယာမူလေအစချီ ဇယမင်္ဂလာအောင်ဂါထာတော်များကို (၉)ကြိမ် (၉)ခေါက် ရွတ်ဖတ်ပူဇော်ခဲ့ပြီး   ရှေးဟောင်းသမိုင်းဝင်မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခဲ့ကြကာ အောင်ပွဲအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးခြင်း၊ မြို့မိ၊ မြို့ဖများမှ ဧည့်ပရိတ်သတ်အပေါင်းတို့အား စတုဒီသာကျွေးမွေးဧည့်ခံခဲ့ကြသည်။


အဆိုပါရှေးဟောင်းသမိုင်းဝင်မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးသည် ဟံသာဝတီပထမခေတ် နောက်ဆုံးဘုရင်ဖြစ်သော တိဿရာဇာမင်းလက်ထက် သက္ကရာဇ်(၄၀၇)ခုနှစ်၊ အေဒီ(၁၀၄၅)တွင် စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်မင်းများမှ ပြန်လည်ပြုပြင်တည်ထားကိုးကွယ်ခဲ့သဖြင့် ယခုအခါ အဆိုပါစေတီတော်ကြီးမှာ ဉာဏ်တော်အမြင့်(၁၈၀)ပေရှိနေပြီဖြစ်ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)