ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း


MNP ၊ မတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံ ဖြစ်သည့် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၄၀၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် တစ်ဧက ပိဿာချိန် ၅၀၀ ကျော် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက် ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံ အပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရ သည်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေးတွက်ခြေကိုက်သည့် ငရုတ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ ငရုတ်သီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး ထားကြောင်း သိရသည်။


"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ စီးပွားဖြစ် စိုက်ပျိုးတဲ့ ငရုတ်စိုက်ခင်းတွေ ဟာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ ငရုတ်သီးနှံများ ဆွတ်ခူးရောင်းချ နေရပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ငရုတ်သီးနှံ ပိဿာချိန် ၅၀၄ ပိဿာ ထွက်ရှိပါတယ်။ ငရုတ်သီးနှံက စိုက်ပျိုးပြီး (၂)လခွဲလောက်ဆိုရင်  စတင်ဆွတ်ခူး ရောင်းချရတာ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီမှာ ငရုတ်သီးနှံစိုက်ပျိုးမှုက တစ်မြို့နယ်လုံး ၁၄၀၅ ဧက စိုက်ပျိုးထားရှိပြီး ယနေ့အထိ ငရုတ်သီးနှံ ဆွတ်ခူးပြီးစီးမှုက ၁၁၀၄ ဧက ဆွတ်ခူးပြီးစီးသွားပြီဖြစ်ပါတယ်။ လက်ရှိမှာ ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၁၃၀၀၀ ဈေးနဲ့ ရောင်းချနေရလို့ ဈေးကောင်းရရှိပြီး ဒေသခံတောင်သူတွေ စီးပွားရေး တွက်ခြေကိုက်လျက်ရှိပါတယ်။ စားဖိုဆောင်သီးနှံတွေထဲမှာ ငရုတ်သီးနှံက ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငရုတ်သီးနှံကတော့ သာမို - ၁၁ ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကလော်အော်သီး ငရုတ်မျိုးကိုလည်း စိုက်ပျိုးကြပါတယ်။ တောင်သူတွေကိုလဲ စားဖိုဆောင်သီးနှံစိုက်ပျိုးရာတွင် စားသုံးသူ များ ဘေးအန္တရာယ်ကင်းဝေး စေရန်အတွက် GAP စိုက်ပျိုးရေး နည်းစနစ်နဲ့ သွင်းအားစုပစ္စည်း အသုံးပြုပုံ နည်းစနစ်တွေကို သိရှိလိုက်နာနိုင်စေဖို့ ကူညီဆောင်ရွက်ပေးထားပါတယ်" ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေအကျိုး အမြတ်ရှိသည့် စားဖိုဆောင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စားဖိုဆောင် သီးနှံများတွင် ငရုတ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းမှု ရှိကာ ငရုတ်သီးအထွက်နှုန်းများ ကောင်းမွန်ခဲ့ပြီး ရောင်းချရာတွင်လည်း ဈေးကောင်းရရှိခြင်းကြောင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)