MNP ၊ မတ် ၂၂
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမြို့နယ်၊ ဇောပူဂျာ ကျေးလက်ကျန်းမာရေးဌာန၊ စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အဦရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိ၊ ရပ်ဖများနှင့် ရွာသူ၊ ရွာသားများတက်ရောက်ကြသည်။
ဦးစွာ ဇောပူဂျာကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ နောင်တချိန်တွင် မိမိတို့တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် မျိုးဆစ်သစ်လူငယ်များအတွက် အမွေကောင်းများပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပေးအပ်ရာတွင် ကျန်းမာကြံ့သည့် လူငယ်လူရွယ်များဖြစ်ရန်အရေးကြီးပါကြောင်း၊ မိမိတို့အစိုးရ အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်သကဲ့သို့ တစ်ဖက်တွင်လည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြင့်မားရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်နယ် အတွင်းမှာ ကျေးလက်ကျန်းမာရေးနှင့်လိုက်လျော့ညီထွေဖြစ်သည့် စံကိုက်အဆောက်ဦများ၊ ဝန်ထမ်း အိမ်ရာအဆောက်အဦသစ်များ ဆောက်လုပ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ စစ်တွေမြို့နယ်၊ ဇောပူဂျာကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန၊ စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအဆောက်အဦများ ဆောက်လုပ် ပေးခဲ့သော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒေသတွင်းတာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်၊ ဆရာမများအားလုံး၏ ကျေးဇူးကြောင့်ဖြစ်သကဲ့သို့ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုကြောင့်လည်း ပါဝင်ပါကြောင်း၊ ရေရှည်တွင် အဆောက်အဦများ တည်တံ့ခိုင်မြဲရန်နှင့် မိမိတို့ရပ်ရွာ ကျန်းမာရေးအဆင့်အတန်းမြင့်မားရန် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ကျန်းမာရေးအဆင့်အတန်း မြင့်မားလာရန် မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါနှင့်မကူးစက်ရောဂါများ ကာကွယ် တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးစသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ယခင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် ဇောပူဂျာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင်ရှိသော ဒေသခံတိုင်းရင်းသားများ၏ ကျန်းမာရေး အဆင့်အတန်းကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ကျန်းမာရေးလုပ်ငန်းများတွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိဒေသမှာရှိသည့် လူငယ်လူရွယ် များကို ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်း၊ ပညာရေးအဆင့် အတန်းမြင့်မားအောင် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကျေးဇူးဆပ်ရာရောက်ပါကြောင်းနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများတွင် ယခင်ကထက်ပိုမိုပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က ကျေးလက် ကျန်းမာရေးဌာန၊ စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦ သစ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဌာနအဆောက်အဦသစ်နှင့် ဝန်ထမ်း အိမ်ရာ အဆောက်အဦသစ်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ရခိုင်ပြည်နယ်တွင် ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၁၀ ခုဖွင့်လှစ်ထားရှိပြီး နိုင်ငံတော် အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် စံကိုက်အဆောက်အဦ(၅၃)ခု ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ရာ ယခုဖွင့်လှစ်သော ဇောပူဂျာကျေးလက်ကျန်းမာရေးဌာန၊ စံကိုက်အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ကို နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၆၈ ဒသမ ၉၂ သန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်ရေးနှင့် ကန်တော်ကြီး သန့်ရှင်းသပ်ရပ်မှုနှင့်ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment