အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တကလျာဏ အား ဤထေရုပ္ပတ္တိအကျဉ်းဖြင့်ဦးခိုက်ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တကလျာဏ အား ဤထေရုပ္ပတ္တိအကျဉ်းဖြင့်ဦးခိုက်ပူဇော်

               




MNP ၊ မတ် ၂၄

သံတွဲမြို့မဟာဗောဓိစာသင်တိုက်ဦးစီး ပဓာနနာယက ၊ သုခဝတီပရိယတ္တိစာသင်တိုက် သုခါဝါသဓမ္မရိပ်သာနှင့်သုခဝတီကျောင်းများ၏ မဟာ နာယက၊ သုခဝတီရှင်ရေးကူညီမှုအသင်း၏ ဩဝါဒစရိယ ၊(နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်) ဆရာတော်ဘဒ္ဒန္တကလျာဏ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၃)ဖြင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူုဒါန်းရာတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရရှိခဲ့သည့်အတွက် မတ်လ ၅ ရက်နေ့၌     နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ဗိမ္မာန်တော်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကို အလှူခံ ရရှိတော်မူခဲ့ပြီး  ယမန်နေ့က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် သံတွဲမြို့သို့ ပြန်လည် ကြွချီတော်မူရာ ညနေ ၃း၄၅ အချိန်၌ သံတွဲမြို့၊ ငပလီလေဆိပ်သို့ရောက်ရှိပြီး အနောက် ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန် နှင့် အဖွဲ့ဝင်များ ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ သက်ဆိုင်ရာဂေါပကအဖွဲ့များ ၊ တပည့် တကာ  ၊ တကာမများ က ကြိုဆိုပင့်ဆောင်ကာ သံတွဲမြို့သို့လှည့်လည်အပူဇော်ခံခဲ့ပြီး မိခင် ကျောင်းတော်ကြီး ဖြစ်သည့် မဟာဗောဓိစာသင်တိုက်၌  သီတင်းသုံးတော်မူခဲ့သည်။ 


ဆရာတော်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ တရော်တောကျေးရွာ ခမည်တော်ဦးညီတင်၊ မယ်တော် ‌ဒေါ်မနီ တို့မှ ကောဇာသက္ကရာဇ် ၁၃၂၀ ခုနှစ် ၊ တပေါင်းလဆန်း ၁ ရက်၊ ခရာဇ်သက္ကရာဇ် ၁၉၅၉ ခုနှစ် မတ်လ ၉ ရက်၊ တနင်္လာနေ့ န့နက် ၂နာရီကျော်အချိန်တွင် ဖွါးမြင်တော်မူပါသည်။ မွေးချင်းသုံးယောက်အနက် တတိယမြောက်သားရတနာဖြစ်သည်။ ငယ်နာမည်မှာမောင်သိန်းဟန် ဖြစ်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သတ္တမတန်းအောင်သည်အထိ ပညာ သင်ကြားခဲ့သည်။


ရှင်သာမဏေအဖြစ်သို့ရောက်ရှိခြင်း

မောင်သိန်းဟန်သည် ၁၃၃၇ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင်  ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် တရော်တောကျေးရွာ၊ တရော်တောကျောင်းကြီးဆရာတော် ဘဒ္ဒန္တပဏ္ဍဝမထေရ်မြတ်ကြီးကိုဥပဇ္ဈယ်ပြု၍  မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူတော်မူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော်အမည်မှာ ရှင်ကလျာဏဖြစ်ပါသည်။ 


ရဟန်းအဖြစ်သို့ရောက်ရှိခြင်းရှင်ကလျာဏ သည် ကောဇာသက္ကရာဇ် ၁၃၄၀ ခုနှစ် ၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ခရစ်သက္ကရာဇ် ၁၉၇၈ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် သာသနာတော်သက္ကရာဇ် ၂၅၂၂ ခုနှစ် ၊ ဂိမှန္တ(နွေ)ဥတု၊ တနင်္ဂနွေနေ့ န့နက် ၈နာရီ ၂၆ မိနစ်အချိန်တွင် တရော်တောကျေးရွာ၊ တရော်တောကျောင်းကြီး ခဏ္ဍသိမ်တော်၌ တရော်တောကျောင်းကြီးဆရာတော် ဘဒ္ဒန္တပဏ္ဍဝ မထေရ်မြတ်ကြီးကိုဥပဇ္ဈယ်ပြု၍  မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင်ိ့မြတ်သောရဟန်းဘဝသို့ ရောက်ရှိတော်မူပါသည်။ ဘွဲ့တော်အမည်မှာ ဦးကလျာဏဖြစ်ပါသည်။  


စာပေပရိယတ္တိသင်ကြားဆည်းပူခြင်း


ဆရာတော်သည် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် တရော်တောကျေးရွာ၊ တရော်တောကျောင်းကြီးဆရာတော် ဘဒ္ဒန္တပဏ္ဍဝ မထေရ်မြတ်ကြီး ထံ၌လည်းကောင်း၊ သံတွဲမြို့ မဟာဗောဓိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒက( အဂ္ဂမဟာပဏ္ဍိတ- နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင်ထံ၌လည်းကောင်း၊ သံတွဲမြို့ နံတော်တောင်ဘုရားကြီးစာသင်တိုက် ဘဒ္ဒန္တစန္ဒိမာဘိဝံသ (သ စ အ ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ၊ ပရိယတ္တိသာသနဟိတဓရ)ထံ၌လည်းကောင်း ၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း ဘဒ္ဒန္တနာရာဘိဝံသ ၊ ဘဒ္ဒန္တကောဝိဒါဘိဝံသ၊ ဘဒ္ဒန္တသုမနာဘိဝံသ၊ ဘဒ္ဒန္တဇယဒိသာဘိဝံသ၊ ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ ဆရာတော်တို့ထံ၌လည်းကောင်း ၊ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဘဒ္ဒန္တရာဇာဓမ္မာဘိဝံသ၊ ဘဒ္ဒန္တကေသရာဘိဝံသ၊ ဘဒ္ဒန္တဝါသေဌာဘိဝံသ ဆရာတော်တို့ထံ၌လည်းကောင်း ၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဆရာတော် ဘဒ္ဒန္တဩသဓာ ဘိဝံသ ထံ၌လည်းကောင်း ၊ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ် ဘဒ္ဒန္တသုတာလင်္ကာရ၊ ဘဒ္ဒန္တသူရဓဇ၊ ဘဒ္ဒန္တ ဩဘာသ ဆရာတော်တို့ထံ၌လည်းကောင်း၊ ရန်ကုန်မြို့ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ(တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော်)ထံ၌လည်းကောင်း ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ကြောင်းသိရသည်။


အမြင့်ဆုံးအောင်မြင်ခဲ့သည့် စာမေးပွဲများ

ဆရာတော်သည် ၁၃၅၅-ခုနှစ်တွင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံတွဲခရိုင် ဒွါရာဝတီပရိယတ္တိ သာသနနုဂ္ဂဟ အဖွဲ့ကကြီးမှူးကျင်းပသောဓမ္မာစရိယစာမေးပွဲ၌ ဒွါရာဝတီပရိယတ္တိ သာသနနုဂ္ဂဟ ဓမ္မာစရိယဘွဲ့ကိုလည်းကောင်း၊ ၁၃၅၆-ခုနှစ် အစိုးရဓမ္မာစရိယတန်းတွင် သာသနဓဇ ဓမ္မာစရိယဘွဲ့ ကို လည်းကောင်း အောင်မြင်တော်မူခဲ့ပါသည်။ 


စာပေကျမ်းဂန်ရေးသားတော်မူခြင်းဆက်လက်၍ ဆရာတော်သည် စာပေကျမ်းဂန်ရေးသားတော်မူခဲ့ရာ ယခုအချိန်အထိ အောက်ဖေါ်ပြပါ ကျမ်းစာအုပ်(၁၅)အုပ်ကိုရေးသားတော်မူခဲ့ပါသည်။

ဆရာတော်ရေးသားတော်မူသည့် ကျမ်းစာအုပ်များမှာ -  


၁။ ကထိန်အကြောင်းသိကောင်းစရာ၊ 

၂။ ဗောဓိပင်ကိုခုတ်သင့်မခုတ်သင့်စသည့်မှတ်သားဖွယ်ရာအဖြာဖြာ။

၃။ ဗုဒ္ဓနှင့် ရဟန္တာပုဂ္ဂိုလ်မများဆိုင်ရာသိမှတ်ဖွယ်ရာအဖြာဖြာ။

၄။ စေတီထိုက် မထိုက်သောပုဂ္ဂိုလ်စသည့်မှတ်သားဖွယ်ရာအဖြာဖြာ။

၅။ သိမ်နုတ် သိမ်သမုတ်ဆိုင်ရာသိမှတ်ဖွယ်ရာအဖြာဖြာ။

၆။ သံဃမဟာပဝါရဏာပြုပုံ နှင့် သံဃဥပုသ်ပြုပုံ၊

၇။ မဟာဗောဓိစာသင်တိုက်ဝတ်ရွတ်စဉ်၊ 

၈။ ဝဥ္စနာတရား သုံးဆယ့်ခုနှစ်ပါး။ 

၉။ ရဟန်းဒါယကာ၊ ဒါယိကာမများ ရရှိသောအကျိုးတရားနှင့် သပိတ်အကြောင်းသိကောင်းစရာ၊ 

၁၀။ ဓမ္မမှတ်စု သိမှတ်ဖွယ်ရာအဖြာဖြာ၊ 

၁၁။ မပယ်သင့်သောရှေးထုံးအစဉ်အလာများ၊ 

၁၂။ ဧတဒဂ်ဘွဲ့ရ ရဟန်းယောက်ျား ၊ ရဟန်းမိန်းမများနှင့် သိမှတ်ဖွယ်ရာအဖြာဖြာ၊

၁၃။ သိမှတ်ဖွရာအဖြာဖြာ၊ 

၁၄။ မိစ္ဆာဒိဌိ(၆၂)ပါး၊ စသောစာအုပ်များကိုရေးသားပြုစုပြီးဖြစ်သည့်အပြင် 

၁၅။ သင်္ချာ  သင်္ချေ သိမှတ်ဖွယ်ရာအဖြာဖြာစာအုပ်ကို ရေးသားပြုစုလျက်ရှိကြောင်း သိရှိရသည်။


ဆရာတော် ထမ်းဆောင်ခဲ့သောသံဃအဖွဲ့အစည်းအဆင့်ဆင့်တာဝန်များနှင့်ဆက်လက်ထမ်းဆောင်လျှက်ရှိသည့် သံဃအဖွဲ့အစည်းအဆင့်ဆင့်တာဝန်များ


ဆရာတော်သည် ၁၃၅၂ ခုနှစ် မှ ၁၃၇၂ ခုနှစ်ထိ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် သံဃနာယက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၃၇၂ မှ ၁၃၇၆ ခုနှစ်အထိ မြို့နယ် သံဃနာယကအဖွဲ့၏ အကျိုးတော် ဆောင်အဖြစ်လည်းကောင်း ၊ ဒွါရာဝတီသာသနနုဂ္ဂဟအဖွဲ့မှကြီးမှူးကျင်းပသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ ပုစ္ဆက ဆရာတော်၊  အကျိုးတော်ဆောင် ဆရာတော် ၊ ကြီးကြပ်ရေး ဆရာတော်အဖြစ်လည်းကောင်း အသီသီးတာဝန်ထမ်းဆောင်ခဲ့သည့်အပြင်  နိုင်ငံတော် အစိုးရ ပထမပြန်စာမေးပွဲ ပြည်နယ် ပုစ္ဆက ဆရာတော်၊ ပြည်နယ်စာစစ်အဖွဲ့ဝင် ဆရာတော် အဖြစ် လည်းကောင်း၊ ယနေ့အထိ သံဃသမ္မုတိ - ရ သံဃာ့ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ပြီး 


ယခုလက်ရှိအချိန်တွင် နိုင်ငံတော်ဗဟို သံဃဝန်ဆောင် ဆရာတော် အဖြစ်လည်းကောင်း  တာဝန် များကို အသီးသီးထမ်းဆောင်လျက်ရှိပါသည်။


ဆရာတော်ရရှိခဲ့သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ


အဆိုပါ ဘဒ္ဒန္တကလျာဏအရှင်သူမြတ်သည် ၁၃၆၇ ခုနှစ် ၊ ၂၀၀၆-ခုနှစ်တွင်( မဟာဂန္တဝါစက ပဏ္ဍိတ) ဘွဲ့တံဆိပ်တော်နှင့် ၁၃၈၂ ခုနှစ် ၂၀၂၁ ခုနှစ်တွင် (အဂ္ဂမဟာ မဟာဂန္တဝါစက ပဏ္ဍိတ ) ဘွဲ့တံဆိပ်တော်ကိုရရှိတော်မူခဲ့သည်။ထို့အပြင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် ၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် ပြာသိုလ်လဆန်း (၁၄)ရက် ၊    (၄-၁--၂၀၂၃)ရက်နေ့ လွတ်လပ်ရေးနေ့အခါသမရအချိန်အခါတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၃) ဖြင့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် (အဂ္ဂမဟာပဏ္ဍိတ) ဘွဲ့ တံဆိပ်တော်ကို ဆက်ကပ် ရရှိတော်မူခဲ့ပါသည်။


ဆရာတော်ဘဒ္ဒန္တကလျာဏ(သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ မဟာဂန္တဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်အရှင်သူမြတ်သည် ယခုအချိန်အထိ သံတွဲမြို့မဟာဗောဓိ စာသင်တိုက်တွင် ဦးစီးပဓာနနာယက စာချဆရာတော်အဖြစ် သီတင်းသုံးတော် မူလျက် ၁၃၄၅ ခုနှစ်မှ စ၍ ယနေ့တိုင် အခြေပြုမူလတန်း ၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယစာချတန်း ကျမ်းရင်း(၃)ကျမ်းတို့ကို သင်ကြားပို့ချတော်မူလျက် ရှိသည်။. 


ထို့အပြင်ဆရာတော်သည် တပည့်ဒါယကာ၊ ဒါယိကာမများအား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးလျက် ပရိယတ်၊ ပဋိပတ် တာဝန်များကိုထမ်းဆောင်လျက်ရှိသည့်အပြင် အမျိုးဘာသာ သာသနာတော်ဆိုင်ရာများနှင့် ပရဟိတလုပ်ငန်းဆိုင်ရာများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိကြောင်း တပည့်ဒါယကာ၊ ဒါယိကာမများအားကြည်ညို သဒ္ဓါပွါးများနိုင်စေရန် တင်ပြအပ်ပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)