ငဖဲမြို့ ချင်းစုရပ်တွင် ထိုင်ဝမ်ကန်စွန်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့ ချင်းစုရပ်တွင် ထိုင်ဝမ်ကန်စွန်းရွက်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း


MNP ၊ မတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရပ်ကွက် ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး အရှေ့ဘက် ကိုင်းမြေများတွင် မြေအောက်ရေဖြင့် ရာသီအလိုက်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်၊ သီးနှံများ၊ မေမြို့ပန်းများနှင့် အတူ ထိုင်ဝမ် ကန်စွန်း ကို စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းပြီး ပေ ၃၀၊ ၄၀ ကန်စွန်းတစ်ခင်းလျှင် ငွေကျပ် ၇ သိန်းဖိုးခန့်ရောင်းချရကြောင်း ထိုင်ဝမ်ကန်စွန်း စိုက်ပျိုးရောင်းချ သူ တောင်သူ ဒေါ်သင်းခိုင်ထံမှ သိရသည်။


ထိုင်ဝမ်ကန်စွန်း မျိုးစေ့ထုတ်များကို မင်းဘူးမြို့မှ ဝယ်ယူပြီး မျိုးစေ့တစ်ထုတ်လျှင် ငွေကျပ် ၁၅၀၀၀ ပေးရကြောင်း၊ ဆောင်းသီးနှံများဖြစ်သည့် ပန်းမုန်လာ၊ ဂေါ်ဖီထုတ်၊ မုန်လာဉ၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ ငရုတ်၊ နံနံပင်၊ ကိုက်လန်၊ ခရမ်းသီး၊ ကြက်ဟင်းခါး၊ ဖာလာချဉ်ပေါင်များ စိုက်ပျိုးရောင်းချအပြီး ထိုင်ဝမ်ကန်စွန်းကို မြေဘောင်ပြုပြင်ထားသော ဘောင်များ တွင် အစေ့ချ၍ မြေအောက်ရေသွင်းကာ စိုက်ပျိုးရောင်းချကြောင်း၊ မျိုးစေ့များ စတင်အစေ့ချစိုက်ပျိုးပြီး တစ်လခွဲခန့် အကြာတွင် အညွန့်ခူး ရောင်းချလို့ရပြီး  ရေအဆက်မပြတ် သွင်းပေး၍ ဓာတ်ဆားဖြန်းပေးလျှင် ၆ လခန့် ရောင်းချရ ကြောင်း၊ ကန်စွန်းရွက် ၁၅ ညွန့်လျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် နေ့စဉ် ၅၀၀၀ ကျပ်ဖိုးခန့် ရောင်းချရကြောင်း၊ ကိုင်းမြေမှ ထွက်ရှိသည့် သီးနှံများနှင့် အတူ ထိုင်ဝမ်ကန်စွန်းကို ငဖဲမြို့မဈေးတွင် မိမိကိုယ်တိုင် ရောင်းချပြီး အခင်းသို့ ဖောက်သည် လာဝယ်သူများရှိကြောင်း၊ ပေ ၃၀၊ ၄၀ ခန့်ရှိ ကန်စွန်းတစ်ခင်းလျှင် ငွေကျပ် ၇ သိန်းဖိုးခန့် ရောင်းချရ၍ မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်း တောင်သူဒေါ်သင်းခိုင်က ပြောကြားသည်။


ငဖဲမြို့နယ်တွင် မြို့မရပ်ကွက်၊ ချင်းစုရပ်ကွက်၊ အိုးမြေတွင်းကျေးရွာနှင့် ပန်းထိမ်းကျေးရွာများတွင် မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ကိုင်းမြေများတွင် တစ်နိုင်တစ်ပိုင် ရာသီအလိုက် သီးနှံများ၊ မေမြို့ပန်းနှင့် ဂန္ဓမာပန်းများကို စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost




No comments:

Post a Comment