အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး (ပထမနေ့)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး (ပထမနေ့)ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂၈

အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး (ပထမနေ့) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌ သင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။


အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။


အစည်းအဝေး မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက နိုင်ငံတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကဆရာ တော်ကြီးများနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများကို နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။


အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိဆရာတော်အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက်တော်မူသည်။


ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်အားလုံးက “သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ” အစချီသော နှစ်ဂါထာကို တညီတညွတ်တည်း သုံးကြိမ်ရွတ်ဆိုလျက် အခမ်းအနားကိုဖွင့်လှစ်တော်မူကြပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကထာများကို နာယူကြသည်။


ထို့နောက် အစည်းအဝေး သဘာပတိဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သာရဏီယ ဩဝါဒကထာကို မြွက်ကြားတော်မူသည်။


(သာရဏီယ ဩဝါဒကထာ အပြည့်အစုံကို စာမျက်နှာ ၉ တွင် သီးခြားဖော်ပြထားပါသည်။)


ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။


ထို့နောက် ၁၃၈၃ ခုနှစ်၊ တပေါင်းလမှ ၁၃၈၄ ခုနှစ်၊ တပေါင်းလအထိ တစ်နှစ်တာ ကာလအတွင်း ပျံလွန်တော်မူသွားကြသော နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအတွက် သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်ခြင်း၊ အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံ တော် ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ ဘွဲ့အမည်စာရင်းများအတည်ပြု ချက်ရယူခြင်းတို့ ဆောင်ရွက်ပြီး တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ကိုယ်စား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့တွဲဖက် အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသက တင်သွင်းလျှောက်ထားသည်။


မွန်းလွဲပိုင်းတွင် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ အစီရင်ခံစာအကျယ်ကို ကဏ္ဍအလိုက် ဖတ်ကြားတင်သွင်းရာ ဝိနိစ္ဆယရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါ စာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာကဏ္ဍကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရက လည်းကောင်း၊ ပညာရေးရာကဏ္ဍ ကို အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရ က လည်းကောင်း ဖတ်ကြား တင်သွင်းပြီး ပထမနေ့အစည်း အဝေးကို ရပ်နားလိုက်သည်။


ယနေ့ အစည်းအဝေးသို့ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် ရရှိတော်မူသော Most Venerable Prof. Kumburugamuwe Vajira Mahathera ဦးဆောင်သည့် သီရိလင်္ကာနိုင်ငံမှ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ဆရာတော်ကြီး သုံးပါးနှင့် အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး JANAKA PRIYA-NTHA BANDARA တို့ လေ့လာတက်ရောက် ကြည်ညိုခဲ့ကြကြောင်းနှင့် အစည်းအဝေးသို့ကြွရောက်တော်မူလာကြသော ဆရာတော်များကို တစ်နေ့တာဆွမ်းအလှူရှင်အဖြစ် ဦးသိန်းမောင်နှင့် ဇနီးဒေါ်ပါးပါး စန္ဒီပရဆေး မိသားစု၊ အမှတ် ၂၄၀၊ ကုန်ဈေးတန်းလမ်း၊ ရန်ကုန်မြို့က ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)