EV Charging Station စုစုပေါင်း (၁၉) နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော် - Myanmar National Post

Myanmar National Post

News Agency

Breaking

EV Charging Station စုစုပေါင်း (၁၉) နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော်



MNP ၊ မတ် ၂၄

Earth Renewable Energy Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၂၀၁/၁) (စီလမ်းဆုံ) ယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။


အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားပြီး Earth Renewable Energy Co.,Ltd မှတာဝန်ရှိသူက EV Charging Station တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူတို့သည် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။


ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) အတွင်း ကြည့်ရှုလေ့လာပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။


ဆက်လက်၍ Grand Sirius (Enterprise) Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်ကား ဓာတ်အားဖြည့်သွင်းရုံ GSE Charging Station (NPT) ဖွင့်ပွဲအခမ်းအနားကို ပျဉ်းမနား - တောင်ညိုလမ်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာရှေ့ရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက GSE Charging Station (NPT) အတွင်း ကြည့်ရှုလေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များ လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။


မြန်မာနိုင်ငံတွင် သဘာဝရုပ်ကြွင်းလောင်စာဆီသုံးစွဲမှုကိုလျှော့ချရန် လျှပ်စစ်ကားများ ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်တွင် (၄) နေရာ၊ ရန်ကုန်မြို့တွင် (၅) နေရာ၊ မန္တလေးမြို့တွင် (၅) နေရာနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် (၅) နေရာ၊ စုစုပေါင်း (၁၉) နေရာကို Pilot Project အနေဖြင့် တာဝန်ခွဲဝေ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် EV ယာဉ်များအား မြို့ပြလမ်းကွန်ရက် စနစ်များတွင် ပြေးဆွဲရာ၌ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသလို တစ်နိုင်ငံလုံးရှိ အဓိကလမ်းကွန်ရက်များတွင်ပါ ပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် လျှပ်စစ်သုံးယာဉ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)