တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓာတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်(Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓာတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်(Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်



MNP ၊ မတ်  ၁၀

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးသည်  စိုက်ပျိုးရေးနှင့် လယ်ယာစီးပွားရေးကိုအခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို   လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟူသည့် လမ်းညွှန်မှာကြားမှုအား အထူးလိုက်နာအကောင်အထည်ဖော်   ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်နှင့် နွေစပါးစိုက်ဧက(၃)သိန်းကျော်ရှိပြီး နှစ်စဉ်စပါးစိုက်ဧကသိန်း(၃၀)ကျော်ခန့်အား စိုက်ပျိုးလျက်ရှိကာ စပါးတင်းသိန်းပေါင်း(၂၀၀၀)ကျော် ထွက်ရှိလျက်ရှိကြောင်း၊ စိုက်ပျိုးထွက်ရှိလာသည့်  စပါးများကို အချိန်မီကြိတ်ခွဲနိုင်ရေးနှင့်   စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိ သုံးစွဲနိုင်ရေးသည် အလွန်အရေးပါကြောင်း၊ ဒါကြောင့် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်စက်များမှ  ကြိတ်ခွဲထွက်ရှိလာသည့် စပါးခွံများအား အလေအလွင့်မရှိစေရေးနှင့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant)များ တည်ဆောက်သုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားကို အထောက်အကူပြုခြင်းအပြင် အချိန်မရွေး ဆန်စက်များလည်ပတ်နိုင်သဖြင့် ကုန်ထုတ်မှုကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊  စပါးခွံလောင်စာသုံး  လျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant)မှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် ဆန်စက်လည်ပတ်ခြင်းအပြင်တွဲဖက်၍ ထင်း/မီးသွေး အစားထိုး စပါးခွံလောင် စာတောင့်ထုတ်လုပ်ခြင်း၊ သဘာဝမြေဩဇာထုတ်လုပ်ခြင်းများ ဆောင်ရွက်နိုင်ပါက သစ်တောပြုန်းတီးမှုနှင့် သဘာဝဂေဟစနစ်ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် ကိုယ်တိုင်စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက် (Gasifire Power Plant)ဖြင့် ဆန်စက်များ လည်ပတ်ကြိတ်ခွဲနေသည့် လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေးမည်ဖြစ်၍ တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များက သိရှိလိုသည်များ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ၊ ဦးရဲဝဏ္ဏက(Gasifire Power Plant) တပ်ဆင်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်၊ ရဲထွန်းဆန်စက်/ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်၊ သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းတို့က တစ်ရက်လျှင် တန်(၅၀)ကျ အဆင့်မြင့်ဆန်စက်များတွင် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်(Gasifire Power Plant)ဖြင့် နေ့စဉ်လည်ပတ်ကြိတ်ခွဲနေမှု၊ လောင်စာတောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်နေမှု အခြေအနေကိုလည်းကောင်း၊ ဖြူးမြို့၊ ပါရမီ(Gasifire  Power  Plant) ထုတ်လုပ်တပ်ဆင်မှု  လုပ်ငန်းရှင်ဦးအောင်ဖြိုးက စက်တပ်ဆင်ထုတ်လုပ်မှုအဆင့်ဆင့်အားလည်းကောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြရာ၊ တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များက (Gasifire Power Plant) တပ်ဆင်သုံးစွဲနိုင်ရေး သိလိုသည်များ မေးမြန်ခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသည့်     ဆန်စက်လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များအား သနပ်ပင်မြို့နယ်ရှိ ဦးရာဇာလင်း၏(Gasifire Power Plant)လည်ပတ်လျက်ရှိသော ဆန်စက်၊ လောင်စာတောင့်ထုတ်လုပ်ခြင်းနှင့် သဘာဝမြေဩဇာထုတ်လုပ်နေမှုများအား သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။


ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စက်ကြီး(၃၈၂)ခု၊  ဆန်စက်အလတ်(၅၀၁)ခု၊ ဆန်စက်ငယ်(၅၂၇)ခု စုစုပေါင်းဆန်စက်(၁၄၁၀)ခုရှိပြီး စက်ရုံ/အလုပ်ရုံများ စက်စွမ်းအားအပြည့် လည်ပတ်နိုင်ရေး(Gasifire Power Plant)များအပြင် ဆိုလာစနစ်၊ လေအားစနစ်နှင့် ရေအားစနစ်တို့ဖြင့် လျှပ်စစ်ဓါတ်အား  ထုတ်လုပ်သုံးစွဲနိုင်စေရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment