သံဃာ(၃)ပါး နှင့် လက်နက်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည့်အစုအဖွဲ့မှ ခြွင်းချက်မရှိ တာဝန်ယူရမည်ဟု (PNLO) ထုတ်ပြန်၊ KNDF/PDF များ၏ ယုတ်မာရက်စက်တဲ့ လုပ်ရပ်အပေါ် ဘယ်လိုမှ မကျေနပ်နိုင်ဘူး ဟု လွတ်မြောက်လာသော ရွာသားတစ်ဦး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဃာ(၃)ပါး နှင့် လက်နက်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်သည့်အစုအဖွဲ့မှ ခြွင်းချက်မရှိ တာဝန်ယူရမည်ဟု (PNLO) ထုတ်ပြန်၊ KNDF/PDF များ၏ ယုတ်မာရက်စက်တဲ့ လုပ်ရပ်အပေါ် ဘယ်လိုမှ မကျေနပ်နိုင်ဘူး ဟု လွတ်မြောက်လာသော ရွာသားတစ်ဦး ပြော



MNP ၊ မတ် ၁၄

ပင်လောင်းမြို့နယ်၊ နမ်းနိမ်းရွာတွင် သံဃာ(၃)ပါးနှင့် လက်နက်မဲ့ပြည်သူ (၁၉)ဦးအား မတရားသဖြင့် သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ရာဇဝတ်မှုကျူးလွန်သည့်အစုအဖွဲ့မှ ခြွင်းချက်မရှိ တာဝန်ယူရမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) က ယမန်နေ့ (၁၃-၃-၂၀၂၃) ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာအုပ်စုက တပ်မတော်က ကျူးလွန်ခဲ့သယောင် ဒေသခံ ပအိုဝ်းပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖော်ပြနေမှုများအပေါ် ပအိုဝ်းဒေသသည် ငြိမ်းချမ်းနေတဲ့ ဒေသဖြစ်တဲ့အတွက် တောင်ဘက်မှာ ရှိတဲ့ KNPP/PDF အဖွဲ့တွေ အနေနဲ့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးဖို့၊ ပြီးရင် အစိုးရနဲ့ တပ်မတော် အပေါ် ပအိုဝ်းပြည်သူတွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျူးလွန်ခဲ့သူက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပအိုဝ်းပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ခဲ့တဲ့ KNPP/KNDF အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်လက် ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်။" ဟု ရှင်းလင်းပြောဆိုထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ PA-O PAY မီဒီယာမှ KNDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားရာမှ ပြန်လည်လွတ်မြောက်လာသည့် ရွာသားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားရာ " KNDF/PDF အဖွဲ့တွေက ဖေဖော်ဝါရီလ (၂၅) ရက်နေ့လောက်ကတည်းက နန်းနှိမ်ရွာအပြင်ဘက်မှာ နေရာယူထားပါတယ်ခင်ဗျ။ ၂၇ ရက်နေ့မှာ နန်းနှိမ်ရွာထဲကို ဝင်ပြီးတော့ ဘုန်းကြီးကျောင်း၊ ရွာရဲ့တောင်ဘက် ဘုရားကုန်း၊ ဘုန်းကြီးကျောင်းရဲ့ အရှေ့ဘက် စာသင်ကျောင်းတွေမှာ အင်အား ၁၈၀ လောက်နဲ့ ဖြန့်ခွဲ နေရာယူထားပြီးတော့ ကျွန်တော်တို့ ရွာသူရွာသားတွေကို အတင်းအဓမ္မမောင်းထုတ် ကျွန်တော်တို့ကလည်း ရွာထဲက မထွက်ချင်တာနဲ့ ကျောင်းထိုင်ဆရာတော်နဲ့အတူ ရွာသား ၂၀ လောက် ပုန်းအောင်း ခိုလှုံပြီး နေထိုင်ခဲ့ပါတယ်။ PDF တွေက ကျွန်တော်တို့ ရွာသားတွေအပေါ်မှာ အချုပ်သားသဖွယ် ဆက်ဆံပါတယ်။ အပြင်မထွက်ရ၊ ရွာထဲမသွားရ အချုပ်သားသဖွယ် ဝက်စားကျွေးချိန်၊ နွားစာကျွေးချိန် ခဏပဲ လွှတ်ပြီးတော့ ကျွန်တော်တို့ကို ချက်ချင်း ကျောင်းထဲ ပြန်သွင်းပြီးတော့ အချုပ်သားတွေလို ချုပ်နှောင်ထားရှိပါတယ်။ ကျွန်တော်တို့ ဖုန်းတွေ အကုန်လုံးကို ထိန်းသိမ်းထားပါတယ်။ ယူဆောင်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်မိဘဆွေမျိုးညီအစ်ကို မောင်နှမကိုမှ ဆက်သွယ်လို့ မရပါဘူး။ ကျွန်တော်တို့ ရွာထဲက အိမ်ကြီးအိမ်ကောင်းမှန်သမျှကို PDF က ဖောက်ဖွင့် အဖိုးတန်ပစ္စည်းမှန်သမျှ၊ စားသောက်ဖွယ်ရာပစ္စည်းမှန်သမျှ အိမ်ကြီးအိမ်ကောင်းမှန်သမျှကို ဖောက်ဖျက်ပြီးတော့ အကုန်လုံး ကားနဲ့တင်ပြီးတော့ အနောက်ကယမ်းခေါ်တဲ့ဘက်ကို တင်ဆောင်ယူသွားပါတယ်။ ကျွန်တော်တို့မှာ အဲဒါကို မကျေနပ်သော်လည်း သူတို့မှာ လက်နက်ကိုင်ထားတဲ့အတွက် အောင့်အီးပြီးတော့ သည်းခံနေရပါတယ်။ သုံးလပိုင်း (၁၁)ရက်နေ့မှာ ကျွန်တော်တို့ ဘုန်းကြီးကျောင်းထဲမှာ ချုပ်နှောင်ထားတဲ့ အခန်းထဲမှာ ဦးအေးဆိုတဲ့သူက သူတို့တားမြစ်ထားတဲ့အချိန် ရွာထဲကို ထွက်တဲ့အတွက် PDF အဖွဲ့ဝင်ကနေ လှမ်းပြီး ပစ်သတ်ခဲ့ပါတယ်။ အဲဒါကို မြင်တွေ့ပြီးတော့ ကျွန်တော်တို့ ရွာသား (၄)ယောက် အဲဒီထဲကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်မှာ ဖြစ်တဲ့ အခြေအနေကတော့ ရွာသား (၁၈)ယောက်နဲ့ ကျောင်းထိုင်ဆရာတော်အပါအဝင် ဦးဇင်းနှစ်ပါးကိုပါ သတ်ဖြတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ သတ်ဖြတ်မှုဖြစ်တဲ့အချိန်မှာ တပ်မတော်သားတွေ၊ PNO တပ်ဖွဲ့ဝင်တွေ မရှိပါဘူး။ ရွာ့အပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ရွာထဲကို ရောက်ရှိလာခြင်းမရှိသေးပါဘူး။ ဘုန်းကြီးနဲ့ ရွာသားတွေကို PDF အဖွဲ့ဝင်တွေကပဲ သတ်ခြင်းဖြစ်ပါတယ်။ ရွာထဲမှာ မီးလောင်တာက တပ်မတော်တွေ၊ PNO တပ်ဖွဲ့ဝင်တွေ မရောက်သေးပါဘူး။ PDF တွေ၊ KNDF အဖွဲ့ဝင်တွေက လိုက်လံ မီးရှို့တာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လက်နက်မရှိလို့ သည်းခံနေရခြင်း ဖြစ်တယ်။ လူလူချင်းဆိုရင်တော့ တစ်ယောက်ချင်း ဓားနဲ့ထိုးရမလား၊ ဖက်ကိုက်ရမလား၊ သတ်မလား သတ်တယ်။ ဒီလိုယုတ်မာရက်စက်တဲ့အပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့က ဘယ်လိုမှ ပြောမပြတတ်အောင် ကျေနပ်မှုမရှိဘူး။" ဟု ပြောဆိုထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၏ ထုတ်ပြန်ချက်တွင် "စစ်ရာဇဝတ်မှုမြောက်သည့် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းအပါအဝင် မတူကွဲပြားသောဘာသာနှင့် လူမျိုးစုများအကြား ရည်ရွယ်ချက်ရှိရှိ အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးခြင်း စသည့် မည်သည့်လုပ်ရပ်မျိုးမဆို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း" ထုတ်ပြန်ထားသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)