ဘားအံမြို့တွင် သာသနာပြုစွမ်းရည်မြှင့် မူလတန်းအဆင့် ဆရာဖြစ်သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့တွင် သာသနာပြုစွမ်းရည်မြှင့် မူလတန်းအဆင့် ဆရာဖြစ်သင်တန်းဖွင့်







MNP ၊ ဧပြီ ၂၂

အေးချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်သန်၍ ကရင်ပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူးပြီး ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီမှ ဦးစီးဖွင့်လှစ်သော သာသနာပြုစွမ်းရည်မြှင့် မူလတန်းအဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင်ပညာ ဥယျာဉ်ကျောင်းတိုက်၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော် ဗဟိုသံယာ့ဝန်ဆောင် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ သရက်တောကျောင်း ဆရာတော်ဘဒ္ဒန္တဂမ္ဘီရဗောဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာပြုစွမ်းရည်မြှင့် မူလတန်းအဆင့် ဆရာဖြစ်သင်တန်း အတွက် ငွေကျပ် ၆၉၄၄၀၀၀(ခြောက်ဆယ့်ကိုးသိန်းလေးသောင်းလေးထောင်)ကို ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီး ဘားအံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘားအံမြို့နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ခွယ်ကဘောင်ပညာ့ဥယျာဉ်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တနာဂဝံသမှ သာသနာ ပြုစွမ်းရည်မြှင့် မူလတန်းအဆင့်ဆရာဖြစ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမြွက်ကြားသည်။


အဆိုပါဆရာဖြစ်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၆၀ ဦးတက်ရောက်ကြပြီး ဧပြီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက အဆိုပါ သင်တန်းသား/သူများသည် ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မေလလယ်ခန့်တွင် အလယ်တန်း အဆင့် နည်းပြသင်တန်းကို ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ ဘားအံမြို့၏ကျက်သရေဆောင် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ၄၅ ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို နံနက် ၉ နာရီခန့်က အဆိုပါစေတီတော် ဂန္ဓကုဋီတိုက်ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် အောင်ချမ်းသာမဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်း ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏ လင်္ကာရထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဩဝါဒါ စရိယဆရာတော်ကြီးများ ရွတ်ဖတ်သရစ္ဇျယ်တော်မူသော မေတ္တာသုတ်တရား တော်များကို နာယူကြည်ညိုကြသည်။


ထို့နောက်  ပဋ္ဌာန်းအောင်ပွဲဂါထာတော်ကို လေသာကျောင်းဆရာတော် ဘဒ္ဒန္တ ဣန္ဒက ကရွတ်ဖတ်ပူ ဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝင်များက ဩဝါဒါ စရိယဆရာတော်ကြီများနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ်ပူဇော်တော်မူကြကုန်သော သံယာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။


ယင်းနောက်ပင့်ဖိတ်ထားသော နတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်သောဂါထာတော်ကို ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ဝတ်အသင်းမှတစ်ဦးက ဖတ်ကြားပို့ဆောင်ပြီး ပြည်နယ် ဝန်ကြီးချုပ်က ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဩဝါဒစရိယဆရာတော်ကြီများနှင့် ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ပူဇော်တော်မူကြကုန်သော သံယာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

#MyanmarNationalPost

No comments:

Post a Comment