မေတ္တာပေါင်းကူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မေတ္တာပေါင်းကူး


















၂၁-၄-၂၀၂၃ ရက်နေ့ ညက လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာ နဲ့ အောင်မြင်ကန်းကျေးရွာတွေမှာ လေဆင်နှာမောင်း တိုက်ခတ်သွားလို့အိမ်တွေ ပြိုပျက်တယ်။ လူတွေ သေဆုံးတယ်လို့ ကြားသိရပါတယ်။ အဲဒီ ညမှ လယ်ဝေးမြို့ ဝံသာနုအဖွဲ့ က မဇာ လှမ်းပြောတာက မနက်ကြရင် မြို့ဦးသံလမ်းကျောင်းဆရာတော် က အရေးပေါ် သွားပြီး ကူညီမှာ။ လိုက်ခဲ့ပေးဖို့ ပြောပါတယ်။ မဟန ဗဟိုဝန်ဆောင် ဆရာတော်ကြီးကိုယ်တိုင် ရွာသူ/ရွာသားတွေအတွက် သွားရောက်လှူဒါန်းပေးမယ့် ခရီးစဉ်ဖြစ်တာကြောင့် လိုက်ပါမှတ်တမ်းတင်ပေးဖို့ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ အလှူနောက်ကို လိုက်မှာ ဖြစ်တဲ့အတွက် လိုက်ပေးမယ်လို့ ပြောလိုက်ပါတယ်။ ပထမဆုံး ဘယ်သူ့ဆီမှ အလှူမခံဘဲ ဆရာတော်ကြီးက ထမင်း၊ ဟင်း လှူရင် တို့တတွေကလည်း ကိုယ်တတ်နိုင်တဲ့ဟာလေး လှူရအောင်ပေါ့။ အဲဒီမှာ မဇာတို့ အဖွဲထဲကို အလှူငွေ (၃)သောင်း ထည့်ပေးပြီး သူတို့အဖွဲ့ထဲကလည်း တတ်နိုင်သမျှ ပါဝင်လှူဒါန်းကြတဲ့ အလှူငွေနဲ့ မုန့်ပဲသရေစာ၊ ရေသန့်၊ ဆေးလိပ်၊ မီးခြစ် အစရှိသဖြင့် ရသလောက်ဝယ်ပြီး ဆရာတော်ကြီးနဲ့ လိုက်ခဲ့ကြပါတယ်။

ဆရာတော်ကြီးက ကျောင်းကဝေယျာဝစ္စအဖွဲ့နဲ့ ထမင်းဗူးတွေလည်း ပြင်ဆင်လာသလို ထမင်းအိုးကြီးနဲ့ ဟင်းချိုင့်ကြီးပါ တင်လာပါတယ်။ လယ်ဝေး ကုတင်(၁၀၀) ဆေးရုံးကို သွားတဲ့အခါမှာ လူနာ (၃၀)ပဲ ဒီမှာ လက်ခံထားပြီး ကျန်တာ ကုတင်(၁၀၀၀) ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ဆရာတော်ကြီးကို လျှောက်ထားကြပါတယ်။ ရှိနေတဲ့ လူနာ(၃၀) နဲ့ မိသားစုတွေအတွက် ထမင်းဗူးတွေ ပေးရင်း ဆရာတော်ကြီးကလည်း အားပေးစကားပြောပါတယ်။

အဲဒီကနေမှ ဆရာတော်ကြီးက ရွာကိုပဲ သွားလိုက်မယ်ဆိုတော့ ဆရာတော်ဦးပဏ္ဍဝလည်း ရောက်ရှိလာပါတယ်။ လယ်ဝေးအဖွဲ့က ဒေါ်ဇာဇာထွန်း၊ ဒေါ်သင်းခိုင်၊ ဒေါ်စန္ဒာ တို့နဲ့အတူ ဆရာတော်ကြီးရဲ့ အလှူခရီးကို လိုက်ခဲ့ပါတယ်။ ထမင်း၊ ဟင်း၊ မုန့်ပဲသွားရည်စာ၊ ဆေးလိပ်၊ မီးခြစ်၊ ရေသန့် တွေနဲ့အတူ တံတားဦးကျေးရွာကို သွားကြပါတယ်။ ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်မတော်အရာရှိတွေ၊ တပ်မတော်သား ညီအစ်ကိုတွေက ရှင်းလင်းရေးလည်း လုပ်ဆောင်နေသလို ရွာသားတွေအတွက် စားသောက်နေထိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်။ 

ဆရာတော်ကြီး ကြွလာတာနဲ့ တပ်မတော်အရာရှိ အကိုက ကျောင်းထိုင်ဆရာတော်ကြီးဟာ သက်တော်ရှည်ပြီ ဖြစ်တဲ့အတွက် ပြောင်းရွှေ့ထားကြောင်း၊ ရှင်းလင်းရေး၊ စားသောက်နေထိုင်ရေး စီစဉ်ဆောင်ရွက်နေပုံတွေကို လျှောက်ထားပါတယ်။ ဆရာတော်ကြီးကလည်း ပါလာတဲ့ ထမင်း၊ ဟင်းတွေ ချပေးဖို့ မိန့်ကြားလို့ တပ်မတော်က အကိုတွေကိုပဲ ပါလာတဲ့ ပစ္စည်းအားလုံးချပေးလိုက်ပါတယ်။ မကြာမီမှာပဲ ဗျူဟာမှူးရောက်ရှိလာပြီး ဆောင်ရွက်ပေးမယ့် ကိစ္စတွေ ဆရာတော်ကြီးကို လျှောက်ထားပါတယ်။ 

အဲဒီကနေ ဆရာတော်ကြီးက တခြားကြွရောက်ရမယ့် ခရီးစဉ် ရှိနေသေးလို့ ရွာထဲကိုတော့ မလှည့်နိုင်တော့ပါဘူး။ ကျွန်တော်တို့တွေ ရွာထဲမှာ ကျန်နေခဲ့ပြီး ပျက်စီးဆုံးရှုံးမတွကို မှတ်တမ်းတင်ကြပါတယ်။ ရွာသူ/ရွာသားတချို့နဲ့ တွေ့ဆုံမေးမြန်းပါတယ်။ ပါလာတဲ့ ရွှေတံခါးဆေးဗူးလေးတွေကိုလည်း ရွာက ဦးလေးကြီးတစ်ယောက် ကို မျှဝေပေးလိုက်ပါဖို့ ပေးခဲ့ပါတယ်။

အဲဒီကနေ အောင်မြင်ကုန်းဘက် ဆက်သွားကြမယ်။ အောင်မြင်ကုန်းမှာက ပိုဆိုးတဲ့အခြေအနေ ရှိတယ်။ ဘာမှ လှူစရာ ပစ္စည်းမပါဘဲနဲ့တော့ သွားလို့မကောင်းဘူး။ အလှူငွေရသလောက်လေး စုပြီးတော့ ညနေမှ တခေါက် ပြန်လာလှူရအောင်ဆိုပြီး ဦးပဏ္ဍဝနဲ့ ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြန်လာတဲ့လမ်းမှာ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းကြောင်းနဲ့ တည့်တည့်တိုးပါတယ်။ ရွာမှာ ရှိနေရင် နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ရွာသားတွေ တွေ့ဆုံတဲ့ မှတ်တမ်းလေးတော့ ရမှာလို့ တွက်မိတယ်။ သတင်းသမားဆိုတော့ သတင်းထူးလေးလည်း လက်မလွတ်ချင်ဘူးပေါ့ဗျာ။

ကျွန်တော်တို့ လယ်ဝေး ပြန်မရောက်ခင်မှာပဲ သွားရောက်လှူဒါန်းတဲ့ ညီလေးတစ်ယောက်က ဖုန်းဆက်တယ်။ "အကို ကာချုပ်ကြီး ရောက်နေပြီ။ အကို ပြန်သွားပြီလား။ မှတ်တမ်း မယူတော့ဘူးလား" တဲ့။ ညီလေးရေ အကိုတို့က တခေါက် ပြန်လာပြီ။ ဓာတ်ပုံမှတ်တမ်းလေး ရသလောက်ယူပေးပါဆိုတော့ သူက ဓာတ်ပုံမှတ်တမ်းလေး ရိုက်ပေးထားလို့ ရလိုက်တယ်။

အဲဒီကနေ ပြန်လာပြီးတော့ ကိုယ့်အနေနဲ့ တခြားအလှူရှင်တော့ မရှိပါဘူး။ ကိုယ့်အဖွဲ့ထဲကပဲ မအေးလေး၊ ကိုစည်သူမြင့် တို့က တစ်ယောက်ကို (၃)သောင်း လှူတယ်။ လယ်ဝေးဝံသာနုအဖွဲ့က မဇာ က အလှူခံတဲ့အခါ အနယ်နယ်အရပ်ရပ်က ဆရာတော်၊ သီလရှင်၊ အလှူတွေက လှူဒါန်းရာမှာ (၅)သိန်းကျော်လောက် ရပါတယ်။ မနက်က သွားရောက်လှူဒါန်းပြီးတဲ့ အခြေအနေကို ကြည့်တဲ့အခါမှာ ထမင်း၊ ဟင်း က ပြည့်စုံနေပြီး အိမ်ထောင်သုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေကို မြင်ရတယ်။ 

လယ်ဝေးဝံသာနုအဖွဲ့ က အမများက အဓိက သောက်ရေလိုအပ်တယ်။ ရေသုံးပစ္စည်းတွေ လိုအပ်မယ်လို့ တွက်ဆတဲ့ ရေဇလုံ၊ ရေပုံး၊ ရေခွက် နဲ့ သေက်ရေသန့်၊ ခေါက်ဆွဲခြောက် ရသလောက် ဝယ်ယူပြီး ဆရာတော်ဦပဏ္ဍဝ ရဲ့ကားတစ်စီး၊ ဗုဒ္ဓရတနာပရိဟတ ဆရာတော်က Light Truck ကား ကူညီပေးတဲ့အတွက် ရသလောက်ပစ္စည်းတွေ ဝယ်တင်ပြီး ညနေ တခေါက် အောင်မြင်ကုန်းကျေးရွာသို့ သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

အောင်မြင်ကုန်းကျေးရွာမှာလည်း တပ်မတော်အရာရှိတွေ၊ တပ်မတော်သား ညီအစ်ကိုတွေ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေ စီစဉ်ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ ရွာထဲက အပျက်အစီးတွေကတော့ မြင်ရက်စရာ မရှိပါဘူး။ ဘာတစ်ခုမှကို ရစရာမရှိတဲ့ အခြေအနေမျိုး မြင်တွေ့ရပါတယ်။ ဘုန်းတော်ကြီးကျောင်းကိုပဲ သွားလိုက်တဲ့အခါ ဆရာတော်ကို တပည့်တော်တို့ ကျောင်းမှာပဲ လှူဒါန်းထားခဲ့ပါရစေ၊ ဆရာတော် သင့်တော်သလို ရွာသားများကို ပြန်လည် မျှဝေပေးပါလို့ လျှောက်ထားပြီး လှူဒါန်းခဲ့ပါတယ်။ အောင်မြင်ကုန်း ဘုန်းတော်ကြီးကျောင်းက ပြိုကျ ပျက်စီးသွားတယ်။ ပြိုတဲ့ကျောင်းက ကားကိုပိသွားတယ်။ ကားလည်းပျက်စီးပြီ။ သိမ်ထဲမှာ ဆရာတော် နေရတယ်။ သိမ်ကလည်း အမိုးပွင့်သွားပြီ။

တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်ခဲ့သမျှ မီးဘေး၊ ရေဘေး၊ လေဘေး ဘေးဒုက္ခကြုံတိုင်း ဆရာတော်သံဃာတော်များက ရှေ့ဆောင်လမ်းပြအနေနဲ့ ကူညီဆောင်ရွက်ကြတယ်။ တပည့် ဒကာတွေကလည်း အားတတ်သရော ပါဝင်ဆောင်ရွက်ကြတယ်။ ဘယ်အရပ် ဘယ်ဌာနေမှာပဲ အတိဒုက္ခရောက်သည်ဖြစ်စေ ကိုယ်နဲ့မဆိုင်သလို မနေကြဘဲ မိမိတို့ တတ်စွမ်းသမျှ လှူဒါန်းထောက်ပံ့ပေးခြင်းအားဖြင့် ကူညီစောင့်ရှောက်ကြတယ်။ အဲဒီလို အချိန်မျိုးမှာ ငါနဲ့မဆိုင်ဘူး။ ငါ့အမျိုးမဟုတ်ဘူး။ အနီ၊ အစိမ်းဆိုတာတွေ မရှိတော့ပါဘူး။ ဒုက္ခရောက်နေသူများကို ကူညီလိုတဲ့ ဆန္ဒနဲ့သာ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပြီး မေတ္တာပေါင်းကူး ကြတာပဲ မဟုတ်ပါလား။ ချစ်စရာကောင်းတဲ့ မြန်မာ့စိတ်ထား၊ ချစ်ရာကောင်းတဲ့ မြန်မာ့စိတ်ဓာတ်၊ ကောင်းမြတ်တဲ့ ဆွေမျိုးရင်းချာစိတ်ဓာတ်နဲ့ မေတ္တာပေါင်းကူးကြခြင်းသာ ဖြစ်ပါကြောင်း။   ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)