ပဲခူးမြို့ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ





MNP ၊  ဧပြီ ၄

ပဲခူးမြို့၊ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား တန်ခူးလပြည့်နေ့၊ ယနေ့နံနက်ပိုင်းက စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော် ကြည်ညိုတင်လှူပေးခဲ့သည်။


ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့မစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ကြီးထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သဇ္စျာယ်တော်မူကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကိုဆောင်၍ စေတီတော်မြတ်ကြီး ဝတ္ထုကံနယ်မြေတွင် ပက်ဖျန်းကြဲဖြန့်  ချီနှောင်ကြပြီး      တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြက်နားတော်နှင့်      လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်  အမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်များကို မင်္ဂလာဝေါယာဉ်ဖြင့်      စေတီတော်မြတ်ကြီးအား လက်ယာရစ် (၁)ပတ် လှည့်လည်ပူဇော်ပြီး မင်္ဂလာအချိန်တွင် ပရိတ်နံသာရည်များ ပက်ဖျန်းပူဇော်ပြီး ရတနာငှက်မြက်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို မင်္ဂလာရထားပျံဖြင့်  စေတီတော်အထွဋ်သို့ တင်လှူပူဇော်ခဲ့ကြသည်။


၎င်းနောက် ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခြင်း၊ စတုဒီသာကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပဲခူးမြို့ ဆုတောင်းပြည့် စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏ ကောင်းမှုတော်အဖြစ် သက္ကရာဇ် ၉၂၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)