လျှပ်စစ်ဓာတ်အား ပြတ်တောက်အောင် ဘယ်သူတွေလုပ်နေသလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်ဓာတ်အား ပြတ်တောက်အောင် ဘယ်သူတွေလုပ်နေသလဲ


မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဘယ်တုန်းကမှ မပြည့်မီခဲ့ဘူး။ အခုလည်း မပြည့်မီသေးသလို အရင်က ဒီထက်ဆိုးပါတယ်။

ကျေးလတ်ဒေသတွေမှာ ပြဿနာသိပ်မရှိပါဘူး။ မီးပျက်တဲ့အခါ ချက်ပြုတ်တာ၊ လျှော်ဖွတ်တာက အစ ရှေးယခင် သမားရိုးကျ ထင်းနဲ့ ချက်လို့ရတယ်။ လျှပ်စစ်မီးကို ညအတွက် အသုံးပြုတယ်။ ဖျော်ဖြေရေးအတွက် အသုံးပြုကြတယ်။ မြို့ကြီးတွေမှာကြတော့ လျှပ်စစ်မီးပျက်တာနဲ့ ရေလည်းအခက်တွေ့တယ်။ ချက်ပြုတ်၊ လျှော်ဖွတ် အစစအရာရာ အခက်တွေ့ရတဲ့ အခါကြတော့ အသံစုံထွက်တယ်။ မီးပျက်တဲ့အခါ ကာတွန်းဆရာတွေကလည်း သရော်ကြတယ်။

လျှပ်စစ်ဓာတ်အား လိုအပ်နေတာတော့ ပကတိ အမှန်တရားဖြစ်တယ်။ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ယနေ့ အစိုးရကလည်း လုပ်ဆောင်နေတာကို တွေ့ရတယ်။ အစဉ်အဆက် အစိုးရများလည်း လုပ်ခဲ့ကြတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ဖို့ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖော်ဆောင်တဲ့အခါကြတော့ နိုင်ငံရေးသမား၊ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူ ဒီလူတွေ ပူးပေါင်းပြီး နှောက်ယှက်ကြတယ်။ ဖျက်ဆီးကြတယ်။ ဒီလိုလူတွေကိုရဲ့ အပြစ်ကိုရော သရော်ကြဖူးသလား။ ပြည်သူတွေအနေနဲ့ ပြန်လည်တုန့်ပြန်ရကောင်းမှန်း သိကြရဲ့လား။ 

မီးပျက်တော့သာ လက်ရှိအစိုးရအပေါ် ပြစ်တင်ပုံချပြီး သရော်ကြ၊ လှောင်ပြောင်ကြ။ လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်တဲ့ လုပ်ငန်းတွေကို အဖျက်အမှောင့် လုပ်ခဲ့ကြတဲ့သူတွေကိုတော့ လူသူတော်ကြီးတွေလို့ ထင်တယ်မဟုတ်လား။ သူတို့ကိုယ် သူတို့ ကယ်တင်ရှင်ကြီးတွေလို ပြောကြတာကို ကြားဖူးကြမယ်ထင်ပါတယ်။ တစ်ဖက်မှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက်ကြတော့ အဲဒီလို အဖျက်အမှောင့် လုပ်သူတွေက ဘာတွေများ အကြံပြု ဆောင်ရွက်ခဲ့တာ ရှိသလဲဆိုတာကိုလည်း မရှိခဲ့ပါဘူး။

ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ဖို့ နည်းလမ်းတွေ၊ အကြံဉာဏ်တွေ ရှိရင်လည်း ပြည်သူများအနေနဲ့က ဖော်ထုတ်လုပ်ကိုင်ခွင့် ရှိတယ်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက ခွင့်ပြုထားပေးပြီးသား ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသောအခွင့်အလမ်း ရရှိစေရမည်။

(က) ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှု

(ခ) အလုပ်လုပ်ကိုင်မှု

(ဂ) ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု

(ဃ) စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မှု

(င) အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု

(စ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များရှာဖွေဖော်ထုတ်မှု

တူညီသောအခွင့်အလမ်း ရရှိစေရမည်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဆိုထားပြီးသားဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဘယ်အရပ်ဒေသမှာမဆို လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ရေတံခွန်ကြီးတွေ ရှိတဲ့နေရာမှ လျှပ်စစ်ထုတ်လို့ ရတာ မဟုတ်ပါဘူး။ မြန်မာပြည်မြောက်ပိုင်း ကချင်၊ ကယား၊ ရှမ်း အစရှိတဲ့ ဒေသတွေမှာ ရေတံခွန်တွေကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သလို ဒီရေအတက်အကျ ရှိနေတဲ့ မြန်မာပြည်တောင်ပိုင်း တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင် အစရှိတဲ့ ဒေသတွေမှာလည်း ဒီရေကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်တဲ့ အခြေအနေ ရှိပါတယ်။ 

ဒီရေစွမ်းအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူတဲ့ အကြီးမားဆုံး ဒီရေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက တောင်ကိုရီးယားမှာ ရှိပါတယ်။ Sihwa Lake ဒီရေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖြစ်ပါတယ်။ 2011 ခုနှစ်တွင် ပြီးစီးခဲ့ပြီး တောင်ကိုရီးယားရှိ Sihwa Lake Tidal ဓာတ်အားပေးစက်ရုံသည် 254MW တပ်ဆင်နိုင်စွမ်းရှိပြီး လက်ရှိတွင် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဒီရေစွမ်းအင်တပ်ဆင်မှုတစ်ခုဖြစ်ပါတယ်။ ဆိုးလ်မြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာတွင် တည်ရှိပြီး အဆိုပါ စီမံကိန်းကို (၇)ကြာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးစပ်လာတဲ့ ရုရှားနိုင်ငံမှာလည်း အလားတူ ဒီရေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ရှိနေပါတယ်။ အချက်အလက်တွေအရ ရုရှားနိုင်ငံဟာ Penzhina ပင်လယ်အော်မှာ 87GW ထွက်ရှိမယ့် ဒီရေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစိမံကိန်း နဲ့ Mezen ပင်လယ်အော်မှာ 15GW ထွက်ရှိမယ့် စီမံကိန်းတွေ ဆောင်ရွက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံဆိုတာ လျှပ်စစ်ဓာတ်အားအတွက် ဓာတ်ငွေ့ အလုံအလောက်ရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ လုံလောက်ရုံမျှမက ဥရောပနိုင်ငံများကို ဓာတ်ငွေ့ရောင်းချပေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပိုလျှံနေတယ်ဆိုပြီးတော့လည်း သူတို့ရဲ့ တီထွင်ဖန်တီး ထုတ်လုပ်မှုစွမ်းအားကို ရပ်တန့်ထားတယ်ဆိုတာ မရှိပါဘူး။

လက်ရှိအချိန်မှာ ပြည်သူတွေရဲ့ နေ့စဉ်လျှပ်စစ်ဓာတ်အား သုံးစွဲမှု လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ အသေးစားရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေသလို အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။

ဒီကာလမှာ ပြည်သူတွေရဲ့ နေ့စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်က မပြည့်စုံပါဘူးဆိုမှ အဖျက်အမှောင့် ရှိနေတာကိုလည်း သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးအတွက် လုပ်ဆောင်နေကြတဲ့ PDF အကြမ်းဖက်အဖွဲ့နဲ့အတူ အချို့သော EAO အဖွဲ့တွေက လျှပ်စစ်တာဝါတိုင်တွေကို မောင်းထောင်ဖောက်ခွဲဖျက်ဆီး၊ မီးရှို့ဖျက်ဆီး လုပ်ဆောင်နေတာတွေလည်း တွေ့ကြမှာပါ။ အဲဒါမျိုးတွေကိုကြတော့ ပြည်သူများက လက်ခုပ်လက်ဝါးတီးပြီး အားပေးနေကြတယ်။  မိမိတို့ နေ့စဉ်လူမှုဘဝမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့အခါကြတော့ အစိုးရကို ပြစ်တင်ဆဲဆိုကြတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ EAO အဖွဲ့တချို့ က လျှပ်စစ်တာဝါတိုင်တွေကို ဗုံးခွဲ ဖျက်ဆီးမှု ၂၃ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၂ကြိမ် ပြုလုပ်ခဲ့တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းကပဲ လျှပ်စစ်တာဝါတိုင် ပြင်ဆင်နေတာကို PDF နဲ့ သောင်းကျန်းသူတွေက ထပ်မံတိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပေါ်ခဲ့ပါတယ်။

အားလုံးက သရော်နေကြတဲ့အချိန်မှာ ကျွန်တော်က အခုလို ရေးသားပြဆိုမိတဲ့အပေါ် အထင်အမြင်လွဲမှားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က အပြုသဘောဆန်ဆန် မတွေးကြဘူး။ အပြုသဘောဆန်ဆန် မလုပ်ကြဘူး ဆိုရင် ဘယ်တော့မှ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေ ပြည့်ဝလာမှာ မဟုတ်ပါဘူး။ ပြည်သူများအနေနဲ့ မိမိတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝကို အခက်တွေ့အောင် လုပ်ဆောင်နေကြသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုလည်း မှန်ကန်စွာ သိမြင်ဖို့ လိုအပ်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအပေါ် ဘယ်သူတွေက နှောက်ယှက်ဖျက်ဆီးနေသလဲဆိုတာကို မှန်မှန်ကန်ကန် သိရှိနားလည်ဖို့နဲ့ မိမိတို့ကိုယ်တိုင်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်သူများအနေဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခွင့် ရှိတယ်ဆိုတာကို အလေးထား သိစေအပ်ပါသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်အောင် ဘယ်သူတွေလုပ်နေသလဲ မေးရင် သေချာတာကတော့ အစိုးရမဟုတ်ဘူး။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ဖို့ ရှိသမျှ အရင်းအမြစ်တွေကနေ ဖောက်ထုတ် အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး နှောက်ယှက်ဟန့်တားခဲ့ကြတယ်။ ပြည်သူတွေရဲ့ နေ့စဉ်လိုအပ်ချက်က လုံလောက်တဲ့အခြေအနေကို ရောက်မလာနိုင်ဘူး။ အခုအချိန်မှာ နိုင်ငံရေးမှိုင်းတိုက်ခြင်း ခံထားရတဲ့ အကြမ်းဖက်အဖွဲ့အစည်းများက ရရှိသုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားကိုပါ ပြတ်တောက်အောင် လုပ်ဆောင်နေတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ အဲဒီလို အဖျက်သမားတွေအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြဖို့လည်း လိုအပ်ပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)