စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တက်ရောက်





MNP ၊ ဧပြီ ၄

ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေး၊ သာသနာတော်၏ အခြေခံအုတ်မြစ် ဖြစ်တော်မူသည့် ပရိယတ္တိသာသနာတော်တည်တံ့အောင် ရွက်ဆောင်တော်မူကြသည့် ပရိယတ္တိ ဝန်ဆောင်သာသနာ့အာဇာနည်အရှင်သူမြတ်များ အစဉ်ပေါ်ထွန်းစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။


ယင်းနောက် ဆရာတော်၊အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ဆက်လက်ပြီး ပထမလတ်စာမေးပွဲတွင် နိုင်ငံတော်အဆင့် ဒုတိယဆုရ မုံရွာမြို့၊ သာသနာ့ ရောင်ခြည်ကျောင်းတိုက်မှ အရှင်သြသဓာလင်္ကာရ အထူးအောင်သံဃာထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဖွယ်ပစ္စည်း၊ စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မုံရွာခရိုင်အတွင်းရှိမုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်မြို့နယ်များမှ စာအောင်သံဃာတော်များနှင့် သီလရှင်လေးများထံ စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံ တိဠတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်၊သီလရှင်ဆရာလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖအလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပြီး နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။


၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်မြို့နယ်များရှိ ကျောင်းတိုက်အသီးသီးမှ ပထမကြီးတန်း စာမေးပွဲအောင် ၂၇ ပါး၊ ပထမလတ်တန်းစာမေးပွဲအောင် ၄၉ ပါး၊ ပထမငယ်တန်းစာမေးပွဲအောင် ၅၀ ပါး၊ အခြေပြုမူလတန်းစာမေးပွဲအောင် ၁၆၈ ပါး၊ စုစုပေါင်း စာအောင် သံဃာတော်၊သီလရှင် ၂၉၄ ပါး အောင်မြင်တော်မူခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖအလှူရှင်များက စုစုပေါင်းငွေကျပ် ၂၂၃၇၄၆၀၀ (ကျပ် နှစ်ရာနှစ်ဆယ်သုံးသိန်းခုနှစ်သောင်းလေးထောင့်ခြောက်ရာ)အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)