ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့်အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့်အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်


MNP ၊  ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်(၈) ဘီလီယံဖြင့် ထပ်မံဆောင်ရွက်ပေးမည်ဖြစ်၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား သတ်မှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေအလိုက် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်း၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများကိုသာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ သက်တမ်းတို၍ အထွက်ကောင်းပြီး  ပြည်ပဈေးကွက် ရရှိနိုင်သည့်သီးနှံများအား စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မွေးမြူရေး ကဏ္ဍတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးစနစ်(GaqP)အတိုင်း မွေးမြူနိုင်ရေး အသိပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပိုးမှုစနစ်များ ပိုမိုးတိုးတက်ကောင်းမွန်လာစေရေးနှင့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးရေရှားပါးမှု ပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ရေချိုထိန်းသိမ်းခြင်း၊ ဖွဲ့စည်းပေးထားသည့် Water User အဖွဲ့များဖြင့် စိုက်ပျိုးရေအား စနစ်တကျ အကျိုးရှိရှိသုံးစွဲနိုင်ရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် အချိန်တိုအတွင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။


 ထို့နောက်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စနစ်တကျ ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စနစ်တကျ ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က ခရိုင်/ မြို့နယ်/ ကျေးရွာများအလိုက် ကော်မတီဖွဲ့စည်းမှုနှင့် ဘဏ္ဍာရ ယူသုံးစွဲရမည့်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေး ခဲ့သည်။


ယင်းနောက် တက်ရောက်လာသည့် ခရိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင် အတွင်းရှိမြို့နယ်များအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)