MNP ၊ ဧပြီ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များစက်မှုလက်မှုပညာသင်တန်းကျောင်း(ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၈)၊ လျှပ်စစ်နှင့် ဂဟေသင်တန်း အမှတ်စဉ်(၁၁)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၃)နှင့် လက်ကိုင်ဖုန်းပြင် သင်တန်း အမှတ်စဉ်(၇)စသည့်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာ သင်တန်းကျောင်း(ကျောက်ဖြူ) ကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့တွင် ကျောင်းဖွင့်ပွဲနှင့်အတူ သင်တန်းအမှတ်စဉ် (၁/၂၀၁၅)ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပြီး ဆောက်လုပ်ရေးသင်တန်း(၇)ကြိမ်၊ လျှပ်စစ်နှင့်ဂဟေသင်တန်း(၁၀)ကြိမ်၊ အခြေခံစက်ပြင်သင် တန်း(၈)ကြိမ်၊ မော်တော်ယာဉ်စက်ပြင်သင်တန်း(၂)ကြိမ်နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း(၆)ကြိမ်အထိ ဖွင့်လှစ် ပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်မနှင့် နယ်စပ်အကြားတွင် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်မှု တန်းတူညီမျှရန် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လည်း နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာရပ်များအတွက် ပြည်ထောင်စုတိုင်ရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်ရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်နှင့် စစ်ကိုင်း)တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယင်းကြောင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံတော်မှ အချိန်နှင့်ငွေကြေးအကုန်အကျခံ၍ သင်ကြားပို့ချပေးသည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချခြင်းဖြင့် ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို အုပ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်ထမ်းဆောင်ကြရင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထူထောင်နိုင်အောင် ကြိုးပမ်းသွားကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူး ဦးမောင်စိုးမှ တိုင်းရင်းသား လူငယ်များ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေနေများကို ရှင်းလင်းပြော ကြားခဲ့သည်။ ယင်းနောက် သင်တန်းဆင်းအောင်လက်မှတ်များနှင့် ဘာသာရပ်အသီးသီး၌ ထူးချွန်ဆုရသင်တန်းသားများကို တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလှွာများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများ ဆောင်ရွက်ထားရှိမှုများကို လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းများတွင် လက်သမား၊ပန်းရံ၊ သံချည်သံကွေးဘာသာရပ်၌ သင်တန်းသား(၅)ဦး၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနှင့် အဲယားကွန်းပြုပြင်ခြင်းဘာသာရပ်၌ သင်တန်းသား(၁၀)ဦး၊ ဂဟေ ဘာသာရပ်၌ သင်တန်း သား(၁၀)ဦး၊ မော်တော်ယာဉ်စက်ပြင်ဘာသာရပ်၌ သင်တန်းသား(၂၀)ဦး၊ လက်ကိုင်ဖုန်းပြင်ဘာသာရပ်၌ သင်တန်း သား(၅)ဦး၊ စုစုပေါင်းသင်တန်းသား(၅၀) တို့မှ တက်ရောက်သင်ယူ ခဲ့ကြပြီးသင်တန်းနည်းပြဆရာ(၅)ဦးတို့မှ ရက်သတ္တပတ် (၂၂)ပတ်ကြာ စာတွေ့/လက်တွေ့ ပို့ချပြသ ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost





No comments:
Post a Comment