ကရုဏာတရားဆိုတာ ယုတ်မာသူတွေအတွက် မဟုတ်ဘူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရုဏာတရားဆိုတာ ယုတ်မာသူတွေအတွက် မဟုတ်ဘူး


ဘယ်စာအုပ်ထဲကလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ မှတ်စုထဲမှာ ရေးမှတ်ထားမိတာလေး တစ်ခု ပြန်တွေ့ရတယ်။ အဲဒါကတော့ "ကရုဏာတရားဆိုတာ ယုတ်မာသူတွေအတွက် မဟုတ်ဘူး"  ဆိုတဲ့ စာစုလေးပါပဲ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ  ဗြဟ္မစိုရ်တရား လေးပါးကို သိတယ်။ ဗြဟ္မစိုရ်တရားအကြောင်းကို တဖွဖွပြောကြပေမယ့် ယနေ့ လူ့ပတ်ဝန်းကျင်မှာ ဗြဟ္မစိုရ်တရား ခြောက်ခမ်းနေတယ်

မေတ္တာ – ချစ်ခင်ခြင်း၊ ဂရုဏာ – သနားကြင်နာခြင်း၊ မုဒိတာ – ဝမ်းမြောက်ခြင်း၊ ဥပေက္ခာ – လျစ်လျူရှုခြင်း ဆိုတဲ့ ဗြဟ္မစိုရ်တရားကို မေ့လျော့နေကြတယ်။ လောဘ၊ ဒေါဟ၊ မောဟ၊ မာန တွေ အလွန်အမင်းထကြွလာတဲ့အခါ တိုင်းပြည်မှာ ဆူပြီး ပူနေတယ်လို့ ခံစားရလာတယ်။

ဗြဟ္မစိုရ်တရားနှင့်အညီ ဆက်ဆံခြင်း အလင်္ကာမှာ -

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။ ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပ့ါမယ်။

၂။ နိမ့်သူတွေ့လျှင် ဂရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။ နိုင်မည့်အစား ဂရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၃။ မြင့်သူတွေ့လျှင် မုဒိတာဝင်၊ မဝင်နိုင်က ရွဲ့တတ်တယ်။ ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၄။ မိုက်သူတွေ့လျှင် ဥပေက္ခာဝင်၊ မဝင်နိုင်က မဲ့တတ်တယ်။ မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၅။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းရ သုခ နိဗ္ဗာန် တိုင်လိမ့်မယ်။


ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်လူမှုဘဝမှာ အနောက်တိုင်းစံ၊ အနောက်တိုင်းဟန်၊ အနောက်တိုင်းအတွေးတွေ ဝင်လာတာနဲ့အမျှ နိဗ္ဗာန်ဆိုတဲ့ ဝေါဟာရကိုတောင် အရွှန်းဖောက်တဲ့ စကားလုံးအဖြစ် အသုံးပြုလာကြတယ်။ ပျက်ရယ်ပြု ပြောဆိုမှုတွေ မြင်တွေ့လာရတယ်။ ကိုယ်တိုင်လည်း သိရှိအောင် မလေ့လာ မဆည်းပူးနိုင်ပဲ လူပိန်းအတွေးနဲ့ ပျက်ရယ်ပြု ပြောဆိုမှုတွေ လုပ်လာကြတယ်။ မိစ္ဆာဒိဋ္ဌိအတွေးတွေ ဝင်လာကြခြင်းပဲ ဖြစ်ပါတယ်။


အနောက်တိုင်းစံ၊ အနောက်တိုင်းဟန်တွေကို အလွန်အမင်းအလေးထားသူတွေ တိုင်းပြည်ကို အုပ်စိုးခြယ်လှယ်ခွင့် ရသွားတဲ့အချိန်မှာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာ သာသနာကို အဆုံးစွန် ပျက်ရယ်ပြုစော်ကားခွင့် ရသွားကြတယ်။ အနောက်အုပ်စုရဲ့ သြဇာခံတွေကိုမှ ယုံကြည်အားထား ထောက်ခံတဲ့သူတွေလည်း များပြားလာတယ်။


ယနေ့ တိုင်းပြည်မှာ အကြပ်အတည်းအခက်အခဲပေါင်းစုံ ကြုံတွေ့အောင် ဖန်တီးနိုင်ခြင်းက မြန်မာလူမျိုးတွေရဲ့ အတွေးကို ရိုက်ချိုးဖျက်ဆီးပြီး အရိုင်းစိတ် သွင်းလိုက်ခြင်းပါပဲ။  ဗြဟ္မစိုရ်တရားကို နှုတ်တက်ရွတ်ဆိုခဲ့ကြတဲ့ မြန်မာတွေရင်ထဲမှာ  ဗြဟ္မစိုရ်တရားမကိန်းအောင်းတော့ဘူး။ အနောက်အုပ်စုရဲ့ သြဇာခံ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေ လမ်းညွှန်ခိုင်းစေသည့်အတိုင်း တသဝေမတိမ်း လိုက်ပါလုပ်ဆောင်ကြတယ်။


အနောက်အုပ်စုရဲ့ သြဇာခံ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေ ပြည်ပကို ထွက်ပြေးကြသည့်တိုင်အောင် အမိုက်ဇာတ် အသွင်းခံထားရသူတွေရဲ့ မိုက်လုံးထွားတဲ့ လုပ်ရပ်တွေက အဆုံးမသတ်သေးဘူး။ အဆုံးသတ်လို့လည်း မရသေးပါဘူး။ 


၂နှစ်တာကာလကို ပြန်ကြည့်မယ်။ NLD ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာအရပ်ရပ်ကို လွှဲပြောင်း တာဝန်ယူလိုက်ရတဲ့ ကာလမှာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူတွေက သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေပြီး သူတို့ရဲ့ ဥပဒေမဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို တစ်လုံးတစ်ပါဒမျှ မဖွင့်ဟဘဲ တပ်မတော်က အာဏာလုယူပါတယ်လို့ လှုံ့ဆော်ပြီး ပြည်သူတွေကို အမိုက်ဇာတ်သွင်းခဲ့ကြတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ဆူပူအကြမ်းဖက်မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ တစ်နိုင်ငံလုံး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ၄၉၁၇ ခု ပျက်စီးဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံးမှာ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှု ၈၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉၆၈၆ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃၁ကြိမ်၊ စုစုပေါင်း အကြမ်းဖက်မှု ၁၉၄၄၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေ အသုံးပြုတဲ့ လက်နက်မျိုးစုံ ၁၇၆၉၇ လက်၊ လက်လုပ်မိုင်း/ဗုံး ၂၇၂၁၃ လုံး အပါအဝင် ခဲယမ်းမျိုးစုံ ၁၃၈၂၆၆၇ တောင့် သိမ်းဆည်းရမိခဲ့ပါတယ်။

အခုအချိန်မှာ NLD ပါတီဆိုတာတော့ မရှိတော့ပါဘူး။ CRPH, NUG, PDF ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေဆိုတာကတော့ NLD ပါတီက ပေါ်ပေါက်လာခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အနောက်အုပ်စုကို ကျောထောက်နောက်ခံပြုပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ NLD အစွန်းရောက် အုပ်စုကို ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတော်အစိုးရရဲ့ သဘောထား ပျော့ပျောင်းမှုကို အခွင့်ကောင်းယူပြီး CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြရာမှာ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားများအပါအဝင် စုစုပေါင်း သေဆုံးသူ ၅၄၄၃ဦး၊ ဒဏ်ရာရသူ ၄၅၇၇ဦး၊ ကားလမ်းများကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ၁၀၂၁ကြိမ်၊ ရထားလမ်းများကို ဗုံးဖောက်ခွဲတိုက်ခိုက်မှု ၆၆ကြိမ်၊ တံတားများကို ဗုံးဖောက်ခွဲ ဖျက်ဆီးမှု ၁၃၇ကြိမ်၊ လျှပ်စစ်တာဝါတိုင်များကို ဗုံးဖောက်ခွဲ ဖျက်ဆီးမှု ၂၃ကြိမ်၊ ဆက်သွယ်ရေးတာဝါတိုင်များကို ဗုံးဖောက်ခွဲ ဖျက်ဆီးမှု ၃၆၅ကြိမ် အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ မီးရှို့ဖျက်ဆီးမှုအနေနဲ့ ကားလမ်းများကို ၅၈ကြိမ်၊ တံတား ၁၂ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂ကြိမ်၊ ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ကြိမ်အထိ ရှိခဲ့ပါတယ်။

CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၅၄၄၃ဦးထဲမှာ သံဃာတော် ၇၀ ပါး၊ သီလရှင် ၂ပါး၊ ပညာရေးဝန်ထမ်း ၆၆ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၄ဦး ပါဝင်ခဲ့ပါတယ်။ အထက်ဖော်ပြပါ အခြေအနေဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ အခြေအနေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း CRPH, NUG တို့ရဲ့ သြဇာခံ PDF အကြမ်းဖက်အဖွဲ့များနဲ့ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့တွေက ပင်လောင်းမြို့နယ်အတွင်းမှာ ပအိုဝ်းဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြင် မြဝတီကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေ၊ လူနေရပ်ကွက်ထဲကို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေ ကြုံတွေ့နေကြရဆဲ ဖြစ်ပါတယ်။

CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များမှာ ဆင်ခြင်တုံတရား မရှိတော့ဘူးဆိုတာ အထက်ပါ လုပ်ရပ်တွေက သက်သေခံနေခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်ပစ္စည်းများကို တိုက်ခိုက်ဖျက်ဆီးခြင်းနဲ့ ပတ်သက်လို့ တံတားတစ်စင်းကို ဖောက်ခွဲဖျက်ဆီးလိုက်တယ်ပဲ ဆိုပါတော့။ အဲဒါ တပ်မတော်က နစ်နာဆုံးရှုံးသွားတာလား။ တပ်မတော်အရာရှိကြီးတွေက ငွေကုန်ကြေးကျခံပြီး ဆောက်လုပ်ထားတာလား။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ (ပြည်သူအားလုံးရဲ့ငွေ) နဲ့ ဆောက်လုပ်ထားတဲ့ တံတားပျက်စီးသွားခြင်းဟာ တပ်မတော်အကြီးအကဲတွေကို ထိခိုက်ခြင်း မဟုတ်ဘူး။ NLD အစိုးရလက်ထက်မှာလည်း အစိုးရအဖွဲ့ကို ဦးဆောင်တဲ့ ဒေါ်စု၊ ဦးဝင်းမြင့်တို့အနေနဲ့ သူတို့အိတ်ကပ်ထဲက စိုက်ထုတ်ပြီး အများပြည်သူအကျိုးအတွက် ဘာမှ လုပ်တာမရှိဘူး။ နိုင်ငံတော်ဘဏ္ဍာငွေကို စီမံခန့်ခွဲပြီးတော့ လုပ်ကြရတာ မဟုတ်လား။ အခွင့်သာရင် နိုင်ငံတော်ဘဏ္ဍာထဲက ကိုယ့်အတွက်တောင် နှိုက်ထုတ်သုံးစွဲလိုက်ကြသေးတယ် မဟုတ်လား။ 

ထို့အတူပဲ အစိုးရအဆက်ဆက် လမ်းတွေဖောက်၊ တံတားတွေဆောက် လုပ်ဆောင်ခဲ့တာ သူတို့အိတ်ကပ်ထဲက စိုက်ထုတ်ပြီးတော့ လုပ်ခဲ့ကြတာတွေ မဟုတ်ဘူးလေ။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတက ရတဲ့ ငွေကြေး၊ ပြည်သူတွေဆီက ကောက်ခံရရှိတဲ့ဘဏ္ဍာငွေတွေနဲ့ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ အစိုးရရုံးဌာနတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ တည်ဆောက်ခဲ့ကြတာ မဟုတ်ပါလား။ 

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆင်ခြင်တုံတရား ခေါင်းပါးလွန်တဲ့ အကြမ်းဖက်သမားတွေ သိစေဖို့ (၇၈)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့တာ ရှိပါတယ်။ အဲဒါကတော့ "အကြမ်းဖက်သမားများရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှု မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်းဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။" လို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်းဖြစ်ပါတယ်။

CRPH, NUG အဖွဲ့ဝင် ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်။ သေဆုံးခဲ့ရသူတွေကို ဘယ်လို ပြန်လည်အစားထိုးမလဲ။ လမ်း၊ တံတားတွေ ပျက်စီးခဲ့တယ်။ ဘယ်သူ့ငွေနဲ့ ပြန်ပြုပြင်ရမလဲ။ ပြည်သူ့ဘဏ္ဍာငွေနဲ့ပဲ ပြန်ပြုပြင်ရမှာ မဟုတ်ပါလား။ KIA/PDF, KKO/PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အစိုးရရုံးဌာနတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဗုံးခွဲတိုက်ခိုက် ဖျက်ဆီးခဲ့ကြတယ်။ အဲဒါတွေကို CRPH, NUG အကြမ်းဖက်အဖွဲ့က ပြန်ဆောက်ပေးမှာလား။ သူတို့ကိုယ်တိုင်တောင် အလှူခံပြီး စားနေရတယ်။ များပြားလှစွာသော သေကြေပျက်စီး ဆုံးရှုံးမှုတွေအတွက် ဘယ်လို တာဝန်ယူနိုင်မှာလဲ။ KIA, KKO, PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဒါတွေကို ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်ပေါ့။ ငါ့တို့ ဖျက်ဆီးခဲ့တာ တိုင်းပြည်မှာ ဘယ်လောက်တောင် နစ်နာဆုံးရှုံးခဲ့ပြီလဲ။ အဲဒါတွေက တပ်မတော်က ဆုံးရှုံးတာ မဟုတ်သလို၊ တပ်မတော်အကြီးအကဲတွေရဲ့ ဆုံးရှုံးမှုလည်း မဟုတ်ဘူး။ 

တပ်မတော်က တိုင်းပြည်ကို တာဝန်ယူထားရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အလျှောက် သူ့မှာ တာဝန်ရှိတဲ့အတွက် လမ်းတွေ ပြန်လည်ပြုပြင်မယ်။ တံတားတွေ ပြန်တည်ဆောက်ပေးမယ်။ အဲဒါ တိုင်းပြည်ဘဏ္ဍာထဲကပဲ ပြန်ဆောက်ပေးမှာဖြစ်ပါတယ်။ သူတို့မှာလည်း ဒီလောက်အထိ စိုက်ထုတ်လုပ်ကိုင်ဖို့ မရှိဘူး။ တိုင်းပြည်ကို စီမံခန့်ခွဲတယ်ဆိုတာလည်း စိုက်ထုတ်လုပ်ကိုင်စရာကို မလိုဘူး။ 

PDF အကြမ်းဖက်အဖွဲ့ဝင်များ မိမိတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြန်လည်စဉ်းစားသုံးသပ်ကြပါ။ ရှေ့ဆက်ပြီး အခုလိုပဲ မိုက်တွင်းနက်နေကြမလား။ တိုင်းပြည်မှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်အောင် ဆက်လုပ်နေကြအုံးမလား။ NUG အကြမ်းဖက်အဖွဲ့က ရည်မှန်းချက်အနေနဲ့ ပြည်သူလူထုလုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ်တားဆီးရေးနှင့် ပြည်ထောင်စုကာကွယ်ရေး လို့ ပြဆိုထားတယ်။ သစ္စာအဓိဋ္ဌာန် (၄) ချက် မှာ -

၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိပါမည်။

၂။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများကို သစ္စာစောင့်သိပါမည်။

၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။

၄။ ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါသည်။

ပြည်သူလူထုလုံခြုံရေး လို့ ရည်မှန်းထားတဲ့ အဖွဲ့အစည်းက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေခြင်းဟာ မိမိတို့ရဲ့ ရည်မှန်းချက်ကို သွေဖည်မနေဘူးလား။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည် လို့ သစ္စာအဓိဋ္ဌာန်ပြုပြီး ပြည်သူလူထုကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်တွေဟာ သစ္စာမဲ့ရာ မကျလွန်းဘူးလား။ CRPH, NUG အဖွဲ့ဝင်တွေအနေနဲ့က လွတ်မြောက်နယ်မြေကို အရောက်ပြေးခဲ့ကြပြီ ဖြစ်လို့ သူတို့မှာ တာဝန်ယူဖို့၊ တာဝန်ခံဖို့ ဘာတစ်ခုမှ မရှိတော့ပါဘူး။ CRPH, NUG အဖွဲ့ဝင်တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ခဲ့တဲ့ PDF လေးတွေမှာတော့ ပေးဆပ်ရမှာတွေ များလွန်တယ်။ 

လက်ရှိအချိန်မှာ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို တာဝန်ယူထားရတဲ့ အဖွဲ့အစည်းဟာ တပ်မတော်ဖြစ်ပါတယ်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ဆိုတဲ့ မူနဲ့ ရပ်တည်နေသော အဖွဲ့အစည်းကြီး ဖြစ်ပါတယ်။ အထက်ဖော်ပြပါ (၇၈)နှစ်မြောက် တပ်မတော်အနေနဲ့ အခမ်းအနား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ အကြမ်းဖက်သမားများအနေနဲ့ အမျိုးသားအကျိုးစီးပွားကို နစ်နာဆုံးရှုံးအောင် လုပ်ဆောင်နေတာကို ပေါ်လွင်ထင်ရှားအောင် ပြောဆိုခဲ့ပါတယ်။

မြဝတီသတင်းစာမှာ (၇၆)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဂုဏ်ပြုထားတဲ့ ဆောင်းပါး တစ်ပုဒ်မှာ "အမိနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအရေးနှင့်ပတ်သက်လာလျှင် “ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌ ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော့ဟူသည့်အတိုင်း လက်နက်ကိုင်တိုက်ပွဲများနှင့် သံတမန်တိုက်ပွဲများစွာကို  ရဲရဲဝံ့ဝံ့ရင်ဆိုင်မည့်တပ်မတော်ပင်ဖြစ်ပါသည်။ တပ်မတော်၏ အမျိုးသားနိုင်ငံရေးအစဉ်အလာသည် မြန်မာ့လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲခဲ့ခြင်းနှင့် ပြည်သူများ၏ အကျိုးစီးပွားကို သယ်ပိုးထမ်းဆောင်ခဲ့ခြင်းတည်းဟူသော သမိုင်းကြောင်း အစဉ်အလာများအရ အမျိုးသားရေး အကျိုးစီးပွားကို အစဉ်တစိုက်ရှေးရှုခဲ့သည့် အမျိုးသားရေးအင်အားစုကြီးအဖြစ်  ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပေသည်။ ကမ္ဘာမှာ  မြန်မာတည်သရွေ့ မြန်မာ့တပ်မတော်ကြီးသည် “ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး”တို့ကို ထုံးမူကာ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်သောစိတ်များဖြင့် အမျိုးသားရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေဦးမည် ဖြစ်ပါကြောင်း" ရေးသား ဂုဏ်ပြုထားတာကို တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးပါတီများကြား NLD တစ်ပါတီတည်းက အာဏာရလိုမှုနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ခြင်းကြောင့် နိုင်ငံရေးခေါင်းဆောင်တချို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရတဲ့ အခြေအနေမျိုး  ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာလည်း နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထပ်မံတွေ့ဆုံဆွေးနွေးသင့်တဲ့ အခြေအနေမျိုး ဆိုက်ရောက်နေပြန်ပြီလို့ ဆိုချင်ပါတယ်။ ၂၀၂၀ ကာလမှာ NLD ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး တစ်ဖက်သတ် အသာစီး အာဏာရလိုမှုနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ ယနေ့အချိန်မှာတော့ ဒီထက်ဆိုးတဲ့အခြေအနေမျိုး ဘယ်လိုမှ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့ကြပြီပဲ ဖြစ်ပါတယ်။

နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ တပ်မတော်ကာကွယ်ရေးစီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့မယ်ဆိုရင်ဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများဟာ ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားပြီး ရှင်သန်နေထိုင်ကြသူများဖြစ်ပါတယ်။ သို့ပေသော် ဗြဟ္မစိုရ်တရားမှာ ပါဝင်တဲ့ ကရုဏာတရားဟာတော့ဖြင့် သူယုတ်မာတွေအတွက် မဖြစ်သင့်တောဘူးဆိုတာကို ဆွေးနွေးပေးစေလိုကြောင်း ။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)