အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာပေဆွေးနွေးပွဲကျင်းပ


MNP ၊  ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရန်ရည်ရွယ်၍ စာပေဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။


မြန်မာနိုင်ငံစာရေးဆရာအသင်း(အင်းစိန်မြို့နယ်)မှ စီစဉ်ကျင်းပသည့် စာပေဆွေးနွေးပွဲကို အင်းစိန်မြို့နယ်၊ စာရေးအသင်းဥက္ကဋ္ဌဆရာတော်မြင့်က အမှာစကားပြောကြားပြီး စာရေးဆရာများဖြစ်ကြသည့် ဆရာဆောင်းဝင်းလတ်နှင့် ဆရာဟိန်းလတ်တို့က စာပေနယ်ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေပရိသတ်များက စာရေး ဆရာများ၏ ရေးသားထုတ်ဝေခဲ့သော စာအုပ်ပါအကြောင်းအရာများနှင့် ဆွေးနွေးခဲ့သည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ စာရေးဆရာများက မေးခွန်းများ၏ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားသည်။


ဆက်လက်၍ စာရေးဆရာများဖြစ်ကြသည့် ဆရာဆောင်းဝင်းလတ်နှင့် ဆရာဟိန်းလတ်တို့ကို စာရေးဆရာများနှင့် စာပေပရိသတ်များက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါ စာပေဆွေးနွေးပွဲသို့ အင်းစိန်မြို့နယ်အတွင်းရှိ စာရေးဆရာများ၊ စာပေပရိသတ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment