ပေးအပ် ထားသော အခွင့်အာဏာကို မိမိကိုယ်ကျိုးစီးပွားအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများကို ချိုဖောက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခြင်းတို့သည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းပင်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေးအပ် ထားသော အခွင့်အာဏာကို မိမိကိုယ်ကျိုးစီးပွားအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများကို ချိုဖောက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခြင်းတို့သည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းပင်ဖြစ်


MNP ၊ ဧပြီ ၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသရှိ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးတွေ့ဆုံပွဲကို ယမန်နေ့က ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၄၇ ခုနှစ်မှစတင်၍ ဥပဒေပြဋ္ဌာန်းကာ ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့သော်လည်း ကာလကြာရှည်သည်နှင့်အမျှ အဂတိလိုက်စားမှုများသည် ပုံစံအမျိုးမျိုးနှင့် ပေါ်ပေါက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် (Grand Corruption) ခေါ် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် အကြီးစား အဂတိ လိုက်စားမှုမျိုးသာမက (Petty Corruption)ခေါ် အသေးစား အဂတိလိုက်စားမှုမျိုးလည်း ဖြစ်ပွားနေကြောင်း၊ အမှန်စင်စစ် (Bribery) ခေါ် လာဘ်ပေးလာဘ်ယူမှုထက် Corruption ခေါ် အဂတိမှာ ပိုမိုကျယ်ပြန့်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူရာတွင် ပေးသူယူသူနှစ်ဦးသာရှိသော်လည်း နှစ်ဦးစလုံးတွင် အပြစ်ရှိပါကြောင်း၊ ထို့ထက် ပိုမိုကျယ်ပြန့်လာသည်မှာ ရာထူးတာဝန်အရ လုပ်ပိုင်ခွင့်ရှိသူအနေဖြင့် ပေးအပ် ထားသော အခွင့်အာဏာကို မိမိကိုယ်ကျိုးစီးပွားအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းများကို ချိုဖောက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံး စေခြင်းတို့သည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းပင်ဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပိုမိုပြည့်စုံစေရန်အတွက် ပြန်လည်ဆန်းစစ်၍ ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တတိယအကြိမ်နှင့် ၂၀၁၈ ခုနှစ်တွင် စတုတ္ထအကြိမ် အသီးသီးပြင်ဆင်ခဲ့ရာ ယခုအခါတွင် ငါးနှစ်ကြာမြင့်ပြီ ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းသုံးသပ်မှုပြုလုပ်ရန် စီစဉ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption -UNCAC) ၏ ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်နှင့်အညီ ယင်း၏ ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့်အညီ အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းရန် လုပ်ဆောင်လျက်ရှိကြောင်း။

အသိပညာပေးရေးကဏ္ဍအနေဖြင့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူလူငယ်များအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာ၊ ဗဟုသုတဖြန့်ကြက်နိုင်ရန် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာကိုင်စာအုပ်များအပြင် အဆင့်မြင့်ပညာအတွက် ရည်ညွှန်းစာဆောင်များကို ပြုစုထုတ်ဝေ၍ ပညာရေးဝန်ကြီးဌာန အကူအညီဖြင့် ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင် သင်ခန်းစာများအဖြစ် ထည့်သွင်းပြဋ္ဌာန်းသင်ကြားနိုင်ရေးအတွက်ကိုလည်း ညှိနှိုင်းလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို Fabric စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၇ ဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်အဖွဲ့အစည်း ၁၄ ဖွဲ့ စုစုပေါင်း ၅၁ ဖွဲ့ ဖွဲ့စည်းထားရှိပြီး ခရိုင်နှင့် မြို့နယ်အဆင့်များအထိ ဆက်လက် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ CPU အဖွဲ့များ၏ လုပ်ငန်းတာဝန်ဖြစ်သည့်အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Program-PFP) ကိုလည်း ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ထို့အတွက် ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်သည့်အပြင် ကျောင်းသား ကျောင်းသူများအကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဗဟုသုတများပြန့်ပွားနိုင်ရန် ပညာပေးသင်ကြားမှုအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်များနှင့် ဌာနအလိုက်ချမှတ်ထားသည့် ကျင့်ဝတ်များကိုလည်း အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)