သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအနားကျင်းပ




















MNP ၊ ဧပြီ ၁၂

သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲ အနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ် ပေးသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးအောင်သော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ စေတနာ ရှင် အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။


ရိုးရာအိုးစည်အကဖြင့် လှိုက်လှဲစွာကြိုဆို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်မည့် နေရာသို့ရောက်ရှိကြရာ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရိုးရာအကအလှများဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြ သည်။

ယင်းနောက် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်း သျှမ်းဝီ)ကို အသစ်ပြန်လည်တည်ဆောက်ထားသည့် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲအနားကို ကျင်းပပြုလုပ်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် သိန္နီဟော်နန်း ယဉ်ကျေးမှု ပြတိုက်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာကြသည့် တိုင်းရင်းသား ပြည်သူလူထု အပေါင်းကို ယခုကဲ့သို့တွေ့ဆုံရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်းနှင့် အားလုံးကိုယ်စိတ် နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆန္ဒပြုရင်းနှုတ်ခွန်းဆက်သ အပ်ပါကြောင်း။

သိန္နီမြို့နယ်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ရှမ်းပြည်နယ်သည် ပြည်ထောင်စုကြီး၏ တိုင်းနှင့်ပြည်နယ်(၁၄)ခုအနက် အကြီးမားအကျယ်ပြန့် ဆုံးသော ပြည်နယ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်း စုံလင်စွာ မှီတင်းနေထိုင် ကြသည့်  ထူးခြားသော ဝိသေသများရှိသည့် ပြည်နယ်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်၏ ဖြစ်စဉ်သမိုင်းကြောင်းကို အနည်းငယ်ပြန်ပြောင်းပြောရမည်ဆိုပါက ရှေးမြန်မာမင်းများ အဆက်ဆက်ကတည်းက ရှမ်းတောင်တန်းဒေသရှိ ပဒေသရာဇ် စော်ဘွားများသည် မြန်မာမင်းများ၏ သစ္စာတော်ကို စောင့်သိနာခံ၍ နိုင်ငံတော်၏ အကျိုးနှင့် နိုင်ငံတော်ကာကွယ်ရေးကိစ္စရပ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် သာဓကများရှိခဲ့ပါကြောင်း။

ကုန်းဘောင်ခေတ်ဦးပိုင်း ဆင်ဖြူရှင်မြေဒူးမင်း (သီရိဓမ္မရာဇာ) လက်ထက် တရုတ်တပ်များက သက္ကရာဇ် ၁၁၂၇ တွင် ကျိုင်းတုံ ကိုလည်းကောင်း၊ ၁၁၂၈ တွင် ဗန်းမော်ကိုလည်းကောင်း၊ ၁၁၂၉ တွင် သိန္နီကိုလည်းကောင်း လာရောက်ထိပါး တိုက်ခိုက်ရာတွင် မြန်မာဘုရင်တပ်များနှင့် ရှမ်းစော်ဘွားတပ်များ ပူးပေါင်း၍ အောင်မြင်စွာ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် နယ်ချဲ့အင်္ဂလိပ်တို့၏ မတရားကျူးကျော်စစ်များကို ရှမ်းစော်ဘွားကြီးများက မိမိတို့၏ နယ်သူနယ်သား များကို စည်းရုံးဦးဆောင်ပြီး ရရာလက်နက်စွဲကိုင်ကာ ဆန့်ကျင်တော်လှန်ခဲ့ကြသော ထင်ရှားသည့် သာဓကများရှိခဲ့ပါကြောင်း၊ သာဓကအားဖြင့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်သည် အင်္ဂလိပ်နယ်ချဲ့တို့အား သူ့ကျွန်မခံဘဲ စွမ်းစွမ်းတမံ ဆန့်ကျင် တိုက်ခိုက်ခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါကြောင်း။

ယနေ့ပြုလုပ်ကျင်းပသည့် သိန္နီဟော်နန်းဖွင့်ပွဲနှင့် အကြောင်းတိုက်ဆိုင်သဖြင့် မြောက်သိန္နီနယ်နှင့် ပတ်သက်၍ ပြောကြားလိုပါကြောင်း၊ ယခင်ကာလ ရှမ်းပြည်နယ် မြောက်ပိုင်းတခွင်ကို စီမံအုပ်ချုပ်သော နယ်ရှင်စော်ဘွားများသည် သိန္နီမြို့တွင် အခြေ စိုက်ခဲ့ကြပါကြောင်း၊ ၁၉၁၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည့် မြောက်သိန္နီစော်ဘွား ကြီး၏ ဟော်နန်းဆောင်သည် ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ်၊ ဧပြီလတွင် ဗုံးဒဏ် ကြောင့် မီးလောင်ပျက်စီးခဲ့ရပါကြောင်း၊ ကမ္ဘာ့သမိုင်းတွင် ဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံများ၊ မဟာရာဂျာများ အုပ်ချုပ်သည့် ပြည်နယ်များ၊ စော်ဘွားအုပ်ချုပ်သောနယ် များ စသည်ဖြင့် ရှိခဲ့ကြပြီး အချို့သောနိုင်ငံများသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးသည့်နိုင်ငံများအဖြစ် ပြောင်းလဲလာခဲ့ကြပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း ပြည်သူ့အုပ်ချုပ်ရေးဟုခေါ်သည့် ဒီမိုကရေစီအုပ်ချုပ်ရေးပုံစံကို ရှမ်းပြည်နယ်၌ ၁၉၅၉ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍ မရသကဲ့သို့ အတိတ်သမိုင်းကို သင်ခန်းစာရယူပြီး ပိုမိုကောင်းမွန်သည့် ခေတ်စနစ်မျိုး ကို လျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း၊ သမိုင်းကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရှမ်းပြည်နယ်တွင် ရှိခဲ့သည့် စော်ဘွားများ၏ သမိုင်းကို လည်း ဖော်ထုတ်ထိန်းသိမ်းသင့်သည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူ လူထု၏ ဆန္ဒပြု အကူအညီ တောင်းခံမှုနှင့်အတူ သမိုင်းဝင်အဆောက်အဦတစ်ခုအဖြစ် ဒေသအတွင်း တည်ရှိနေပြီး ဒေသတွင်းရှိ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုဖြစ်သည် ဟော်နန်း ကို ရှေးမူမပျက်စေဘဲ မူလပုံစံအတိုင်း နိုင်ငံတော်နှင့် တပ်မတော်မှ ပြန်လည် တည်ဆောက်ပေးခြင်း ဖြစ်ပါကြောင်း၊ အလားတူ မိုင်းပွန် ဟော်နန်းကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းထားပြီး ကျိုင်းတုံဟော်နန်းကြီးကို လည်း ပုံစံတူပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက် ခြင်းသည် ဒေသအတွင်း ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာ ကြည့်ရှုမှု များကြောင့် ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာရေးကိုလည်း အထောက်အကူဖြစ်စေ မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ အရိုက်အရာကို ဆက်ခံသည့် သားတော် စပ်ဟုံဖသည် မြောက်သိန္နီနယ်၏ နောက်ဆုံးဆက်ခံသည့် စော်ဘွားကြီးဖြစ်ပြီး စစ်ဘက်နယ်ဘက် တာဝန်များကို ထမ်းဆောင်လျှက် ပြည်ထောင်စုကြီးကိုများစွာ အလုပ်အကျွေးပြုခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါကြောင်း၊ (၁၉၄၄-၁၉၄၅)ခုနှစ်တွင် နယ်သူနယ်သားများကို စုစည်းပြီးတပ်ဖွဲ့ကို ဦးဆောင်လျှက် ဂျပန်များကို တော်လှန် တိုက်ခိုက်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် မော်ကွန်းဝင် ပင်လုံ စာချုပ်ကြီးကို ရှမ်းစော်ဘွားများ ခေါင်းဆောင်တစ်ဦးအနေဖြင့် လက်မှတ်ရေးထိုးခဲ့ သည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါကြောင်း၊ ၁၉၄၈ ခုနှစ်၊ မတ် ၂၈ ရက်တွင် လားရှိုးမြို့ ကို ရဲဘော်ဖြူနှင့် ကွန်မြူနစ်တပ်နီများ ဝင်ရောက်သိမ်းပိုက်ရာ မိမိနယ်က ရဲအမှုထမ်း နှင့် နယ်တွင်းမှ လူသူစုဆောင်းပြီး လားရှိုးမြို့ကို ၁၉၄၈ ခုနှစ်၊ မတ်လအတွင်း ပြန်လည်တိုက်ခိုက်သိမ်းယူပြီး အစိုးရကို ပြန်လည်အပ်နှင်းနိုင်ခဲ့ပါကြောင်း။ စော်ဘွား ကြီး စပ်ဟုံဖသည် မကွေးခရိုင် နယ်ပိုင်ဝန်ထောက်အဖြစ်လည်းကောင်း၊ အမှတ်(၁၄) ဘားမားရိုင်ဖယ် တပ်ရင်းတွင် ဗိုလ်မှူးအဆင့်ထိလည်းကောင်း တာဝန်များ ထမ်း ဆောင်ခဲ့ပါကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ်အစိုးရဥက္ကဋ္ဌအဖြစ် (၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်)ထိ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၁၉၄၉ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် စော်ဘွားကြီး၏ ရဲစွမ်းသတ္တိနှင့် မျိုးချစ်စိတ်ဓာတ်ကို ဂုဏ် ပြုသည့် အနေဖြင့် သတိုးမဟာသရေစည်သူဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း။

အတိတ်သမိုင်းက မြောက်သိန္နီစော်ဘွားကြီး အဆက်ဆက်၏ စည်းရုံး ဦးဆောင် မှုဖြင့် နယ်သူနယ်သားများ၊ ဒေသခံ တိုင်းရင်းသားများသည် စည်းလုံးညီညွတ်စွာနှင့် နိုင်ငံတော်ကာကွယ်ရေး၊ နယ်ချဲ့ကျူးကျော်စစ် ခုခံတွန်းလှန်ရေး၊ ဖက်ဆစ်ဆန့်ကျင် တော်လှန်ရေးများကို ခေတ်အဆက်ဆက် ပါဝင်ဆင်နွှဲခဲ့ကြပါကြောင်း၊ ယင်းကို အသိ အမှတ်ပြုသောအားဖြင့် သိန္နီနယ်၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်းဖြစ်၊ သမိုင်း ဝင် အဆောက်အဦ တစ်ခုလည်းဖြစ်သည့် သိန္နီဟော်နန်းကြီးကို ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်မှ ရှေးမူမပျက် ပြန်လည်တည်ဆောက်ပေး နိုင်ခြင်းအတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း နှစ်ထောင်းအားရ ဝမ်းသာ ဖြစ်ကြမည်ဟုလည်း ယုံကြည်ပါကြောင်း။

ယခု သိန္နီဟော်နန်းသစ်ကြီးသည် သိန္နီမြို့၏ ဂုဏ်ကျက်သရေဆောင် အဆောက် အဦကြီးတစ်ခုဖြစ်သကဲ့သို့ မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းမှ ဦးဆောင်ပြီး ဒေသခံများအနေဖြင့် သမိုင်းဝင်ယဉ်ကျေးမှု   ပြတိုက်ကြီးအဖြစ် ဆက်လက် ထူထောင် ၍ အများပြည်သူ လေ့လာအပန်းဖြေ ဗဟုသုတရှာမှီးရာ ယဉ်ကျေးမှုပြတိုက်ကြီးအဖြစ် ဆက်လက်ကြိုးပမ်း ထူထောင်သွားမည်ဖြစ်ကြောင်း ကြားသိရသည့်အတွက် ဝမ်း မြောက်မိပါကြောင်း၊ ဘာသာသာသနာ ဆိုင်ရာ အခမ်းအနားများလည်း ကျင်းပသည် ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် သိန္နီဟော်နန်းကြီး သာယာလှပခိုင်ခန့်စွာဖြင့် အဓွန့် ရှည် တည်ရှိရေးအတွက် ဒေသခံတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့ ဝန်ထမ်းများ အားလုံးက ပူးပေါင်းကာ ထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်း ပြောကြားလိုပါကြောင်းဖြင့် ပြောကြားသည်။


သမိုင်းဝင်မြို့ကျက်သရေဆောင် သိန်းနီဟော်နန်းကြီးအား  ပြန်လည်တည်ဆောက် ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ

ယင်းနောက် ဒေသခံမြို့မိမြို့ဖတစ်ဦးဖြစ်သည့် သိန္နီဟော်နန်း ပြည်လည်တည် ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်က ဟော်နန်းအား ပြည်လည်တည်ဆောက်ပေးမှုအတွက် ကျေးဇူးတင်စကားပြောကြားရာတွင် သိန္နီမြို့ ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်းအနေဖြင့် ဒေသတွင်းရှိ ရဟန်းရှင်လူ ပြည်သူ အပေါင်း၏ ဆန္ဒကိုခံယူပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗုံးဒဏ်ကြောင့် မီးလောင် မြေခခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦ တစ်ခုဖြစ် သော စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းအား ရှေးမူရင်းလက်ရာမပျက် အသစ်တစ်ဖန်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တပ်မတော်ကို တင်ပြအကူအညီ တောင်းခံခဲ့ကြောင်း၊ ယခုဟော်နန်းကြီး၏ မူလအလှူရှင်ဖြစ်သော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် တပ်မ တော်မှ ယခုဟော်နန်းကြီးကို ကူညီတည်ဆောက်ပေးခဲ့သည့်အတွက် ဒေသခံ ပြည်သူ လူထု အားလုံးကိုယ်စား အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော် အကြီး အကဲကိုယ်တိုင် ပန္နက်တော်တင်ဆောင်ရွက်ပေးခြင်းနှင့် တည်ဆောက်မှု လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလတွင်လည်း ကိုယ်တိုင်စစ်ဆေးလမ်းညွှန်မှုများကို ဆောင်ရွက် ပေးခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။


မိမိတို့ဒေသအတွင်း မှီတင်းနေထိုင်ကြသည့် ရှမ်း၊ ကချင်၊ ကိုးကန့်၊ ဝ ၊ ပလောင်၊ လားဟူ၊ လီဆူ အစရှိသည့် ဒေသခံတိုင်းရင်းသားလူမျိုးများသည် ရှေးပဝေသဏီကပင် သိန္နီမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်တွင် ချစ်ကြည်စည်းလုံးစွာဖြင့် အေးအတူ ပူအမျှ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည့် သမိုင်းအစဉ်အလာကောင်းများ ခိုင်မာစွာတည်ရှိခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၏ သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော ယခုဟော်နန်းကြီးအား မူလပုံစံအတိုင်း ပြန် လည်တည်ဆောက်ပေးခြင်းဖြင့် သိန္နီမြို့နယ်၏ ဂုဏ်ယူဖွယ်ရာ အထင်ကရ ကျက် သရေဆောင် အဆောက်အဦကြီးတစ်ခု ပြန်လည်ပေါ်ထွန်းခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ဒေသတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်စေရေးကို များစွာအထောက်အကူဖြစ်စေ၍  ပြည်ထာင်စုကြီး၏ ဂုဏ်ဒြပ်ကိုထင်ဟပ်ပေါ်လွင်စေသည့် သမိုင်းမှတ်တိုင်ကြီး တစ်ခု ဖြစ်သည်ကို အလေးအနက်တင်ပြအပ်ပါကြောင်း၊ ယခုဟော်နန်းကြီးအား ရှေးမူမပျက် မူလပုံစံအတိုင်းပြန်လည်တည်ဆောက်ပေးပါသော နိုင်ငံတော်နှင့် တပ်မတော်၏ စေတနာ၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါသော အုပ်ချုပ်ရေးဌာန အဆင့် ဆင့်နှင့် ဌာနဆိုင်ရာများ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကျေးဇူး တင်ထိုက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်း၊  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ စစ်ထောက်ချု်ပ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ သိန္နီမြို့ နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမြင့်ထွန်း၊ မြို့မိမြို့ဖများ ဖြစ်ကြသည့် ဦးစိုင်းစံညွန့်နှင့် ဦးစိုင်းခိုင်ဝင်းတို့က သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ကမ္ပည်းမော် ကွန်းကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည်များပက်ဖျန်းပေးသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် အတွင်းရှိ ဘုရားခန်းအတွင်း သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း အပါအဝင် စော်ဘွား အစဉ် အဆက် ကိုးကွယ်ခဲ့သည့် ရှေးဟောင်းဘုရားများအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ထို့နောက် သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုလက်ရာပစ္စည်းများ၊ စော်ဘွားကြီးများ အဆက်ဆက် အသုံးပြုခဲ့သည့် အသုံးပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဟော်နန်းပြန်လည် တည်ဆောက်မှုမှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ရှေးဟောင်းလက်ရာများသည် တန်ဖိုးဖြတ်မရသည့်ပစ္စည်းများဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး အချို့သော ရှေးဟောင်းပစ္စည်းများကို မှန်ဆောင်များ ဖြင့် ထည့်သွင်းပြသထားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြား သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက သိန္နီစော်ဘွား ကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို အသစ်ပြန်လည်တည် ဆောက်ပြီးစီးခဲ့ပြီး သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲအထိမ်းအမှတ် ပန်းချီကား နှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည် ပေးအပ်သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို မြန်မာ့ရိုးရာ အတာသင်္ကြန်ရေ များ ပက်ဖျန်း၍ နှစ်သစ်ကိုအတူတကွ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်း သား ပြည်သူများက ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက်ခဲ့ကြသည်။


အဆိုပါ သိန္နီဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန္နီစော်ဘွားကြီး ခွန်ဆန် တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းသားအစစ်များဖြင့် မန္တလေးနန်းတော်ပုံစံအတိုင်းဆောက်လုပ် ထားပြီး အဆောက်အဦကြီး တစ်ခုထဲတွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားသော အဆောက်အဦများစွာ ပါဝင်သည့် ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်း ပါရှိကြောင်း၊ စော်ဘွား ကြီးသည်  နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁ နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခွင်လုံးကို ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ခုနှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီး အပိုင်သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည် သိန်းနီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကြဲဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပြီး သမိုင်းတွင်ထင်ရှားခဲ့သည့် သိန်းနီစော်ဘွားကြီး ခွန်ဆန် တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက် အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အဦသစ်ကို မူလ အဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့်  ယနေ့တွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီစော်ဘွား ကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို သိန္နီဟော်နန်း ယဉ် ကျေးမှုပြတိုက်အဖြစ် ဖွင့်လှစ်ပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများက သောင်းသောင်းဖြဖြ စည်ကားများ ပြားစွာဖြင့် တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)