နိုင်ငံတော်ရဲ့ ယန္တရားကို အဓိက ထိန်းကျောင်းမောင်နှင်တာကတော့ နိုင်ငံတော်အကြီးအကဲများရဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၀ က စလို့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခဲ့ရာမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီး (၃)ရပ်ကို ကိုယ်စားပြု ပြောဆိုလာကြပါတယ်။
ဥပဒေပြုရေးဟာ မူလဖြစ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်၊ ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ် အခြေခံပြီး လိုအပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးကြရတယ်။ ဥပဒေဆိုကတည်းက ဆုပေးဒဏ်ပေးစနစ် ပါပြီးသားပဲဖြစ်ပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်ရင် ဒီလိုကောင်းကျိုးရမယ်။ ဥပဒေကို ချိုးဖောက်ရင်တော့ ဘယ်လိုပြစ်ဒဏ်တွေခံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေက ပါရှိပြီးသား ဖြစ်ပါတယ်။ ဥပဒေပြုစုရေးဆွဲသူတွေက မလိုလားအပ်ဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို အကာအကွယ်ပြုပြီး ဥပဒေရေးဆွဲပြုစုလာပြီဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာတော့တာပဲ ဖြစ်ပါတယ်။
ဥပဒေတစ်ရပ်ထွက်ပေါ်လာပြီဆိုရင်တော့ အုပ်ချုပ်ရေးရာ တာဝန်ရှိသူတွေဟာ ဒီဥပဒေကို ကိုင်တွယ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ရတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးလို့ ဆိုရာမှာ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသာမကပါဘူး။ နိုင်ငံတော်ရဲ့ ယန္တရားကြီးမှာ ပါဝင်နေတဲ့ ဝန်ကြီးဌာနအသီးသီးလည်း အကြုံဝင်ပါတယ်။ မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာတော့ ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ ပြည်သူနဲ့ ပြဿနာတစ်ခုပေါ်ပေါက်တဲ့အခါ တရားတဘောင် ရင်ဆိုင်ရတဲ့အခါ အုပ်ချုပ်ရေးယန္တရားမှာ ရှိနေသူများက ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းထက် ဌာနဆိုင်ရာဘက်ကိုသာ မျက်နှာသာပေးတဲ့ အစဉ်အလာရှိပါတယ်။ အစိုးရအဆက်ဆက်မှာ ရှိခဲ့တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
တချို့သောအုပ်ချုပ်ရေးယန္တရားမှာ တာဝန်ရှိသူများဟာ ပြည်သူအပေါ် မျက်နှာပြောင်တိုက်ပြီး ယုတ်မာရိုင်းစိုင်းတာမျိုးတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းမှာ တပ်မတော်ကစွန့်လွှတ်ထားပြီး မြေယာများကို မူလပိုင်ရှင်များထံ ပြန်မပေးဘဲ ကုမ္ပဏီတစ်ခုကို ကွန်ဒိုတွေ ဆောက်လုပ်ခွင့်ပေးလိုက်တယ်။ အဲဒီမှာ မူလပိုင်ရှင်များထဲက ဦးဆောင်ဦးရွက် လုပ်နိုင်သူက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီလို ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်လာခြင်းကြောင့်ပဲ မဖြစ်မနေ ပြန်လည်လျော်ကြေးပေးရတဲ့ အခြေအနေမျိုးကို ရောက်ခဲ့တယ်။ လျော်ကြေးပေးရာမှာ ဦးဆောင်ဆန္ဒပြသူတွေကို မပေးဘဲ တခြားသူတွေကိုပဲ ပေးတယ်ဆိုတဲ့ လုပ်ရပ်မျိုးကို လုပ်ခဲ့ကြတယ်။ အခုထိတောင် ဦးဆောင်ဆန္ဒပြတဲ့သူတွေမှာ အဆင်ပြေမှု မရသေးပါဘူး။ နစက အစိုးရလက်ထက်မှာ ထပ်မံတင်ပြသော်လည်း အဆင်ပြေမှု ရလား၊ မရလားတောင် မသိရတော့ပါဘူး။ အဓိကတာဝန်ရှိသူကတော့ ဒီကိစ္စကို စီမံခန့်ခွဲခွင့်ရှိတဲ့ တာဝန်ရှိသူရဲ့ ယုတ်မာကောက်ကျစ်မှုကြောင့် ပြည်သူတွေမှာ နစ်နာဆုံးရှုံးရတာ ဖြစ်ပါတယ်။ အဲဒီလူ အိတ်ကပ်ထဲက စိုက်ပေးရတာမျိုးလည်း မဟုတ်ပါဘူး။ စီမံခန့်ခွဲခွင့်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူအပေါ် ကောက်ကျစ်ယုတ်မာခြင်း ဖြစ်ပါတယ်။ ဒါက သာဓက တစ်ခုကိုပဲ ပြောတာပါ။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ဘက်မှာ ဖြစ်ပေါ်လျက်ရှိတဲ့ မြေယာပြဿနာအများစုမှာ စီမံခန့်ခွဲခွင့် ရှိသူတွေဟာ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလို ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကို အလေးမထားဘဲ အာဏာရှိသူ၊ ငွေရှိသူတွေရဲ့ အလိုကျ လိုက်ပါဆောင်ရွက်ပေးခြင်းကြောင့် နစ်နာသူတွေမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်တိုင်အောင် ပြေလည်မှု မရကြပါဘူး။ ပြောတဲ့စကားလုံးကတော့ ပြည်သူလူထုအကျိုးကို ဆောင်ရွက်နေသူတွေပါ။ ပြည်သူ့အစေခံတွေပါ။ ပြည်သူလူထုကို ငထူ၊ ငအ၊ ငနုံတွေလို သဘောထားပြီး ဥပဒေကို သူတို့သိတယ်။ ဥပဒေလက်တစ်လုံးခြား လုပ်လို့ရတဲ့ နည်းလမ်းတွေကို သူတို့ သိတယ်။ အချိန်ကာလ ကြာမြင့်စွာ တစ်ယောက်ပြီး တစ်ယောက် လိမ်သွားလိုက်ကြတယ်။ ဒီမြို့နယ်ကနေ တခြားပြောင်းသွားရင် ဒီကိစ္စ သူတို့နဲ့ မဆိုင်တော့ဘူး။ နောက်ရောက်လာတဲ့သူကလည်း သူဘာမှ မသိရသေးပါဘူး။ သိလည်း သိပြီးရော ရှေးလူကဲ့သို့ပဲ ငွေရှင်ကြေးရှင်နဲ့ ပူးပေါင်းပြီး လုပ်သွားပြန်တာပဲ။ မလိမ့်တပတ် လုပ်ပြီး ပြည်သူအပေါ် ဂုပ်သွေးစုပ်တဲ့ နည်းလမ်းကို အစဉ်အဆက် ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူလူထု အကျိုးခံစားခွင့် မရဘဲ ဥပဒေတစ်ရပ်ပေါ်လာတိုင်း စားပေါက်တစ်ခုတိုးတဲ့ အစဉ်အလာဖြစ်နေပါတယ်။
ဌာနဆိုင်ရာနဲ့ ပြည်သူ၊ ပြည်သူ အချင်းချင်း အမှုအခင်းဖြစ်လို့ တရားရုံးရောက်ပြန်တော့ရော ဌာနဆိုင်ရာ နဲ့ ပြည်သူ ဖြစ်ရင် တရားရေးကလည်း ဌာနဆိုင်ရာဘက်ကပဲ ရပ်တည်တယ်။ ပြည်သူအချင်းချင်း ဖြစ်တဲ့အမှုအခင်ကိစ္စတွေမှာလည်း ငွေများတရားနိုင်ဆိုတဲ့ အစဉ်အလာကြီးက ပပျောက် မသွားဘူး။ အခြားသော သာဓကတွေ အပထားလို့ ယနေ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေမှာတောင် အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူဆီက လာဘ်လာဘယူပြီး အမှုကိုပေါ့လျော့အောင် ဆောင်ရွက်ပေးတယ်ဆိုတဲ့ သတင်းစကားတွေ ကြားသိနေရတယ်။ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေးလုပ်စားသူတွေကလည်း မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအကြောင်း ကောင်းကောင်းသိကြတယ်ဗျ။ လူသတ်တဲ့ ပြစ်မှုမျိုးကိုတောင် ကျူးလွန်ရမှာ မကြောက်ဘူးဆိုတာ ဘာကြောင့်လဲ။ သာဓကတွေ ရှိခဲ့တာပေါ့ဗျာ။
ပြည်ပြေး ဝရမ်းပြေး အစွန်းရောက် အကြမ်းဖက်တွေကို အားပေးထောက်ခံတဲ့ နီပိန်းဘုန်းကြီးတစ်ပါး ကိုယ့်ရွာသားအချင်းချင်း နီပိန်းတွေရဲ့ ရန်ပြုစော်ကားမှုကြောင့် ထွက်ပြေးနေရတဲ့ သူကို အချိုသတ်ပြီး ခေါ်တယ်။ ဘုန်းကြီးကျောင်းပေါ်မှာတင် သတ်ပစ်လိုက်ကြတယ်။ အဲဒီ နီပိန်းဘုန်းကြီးကို မိတယ်။ လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ ဘုန်းကြီး ၂ရက်သာ အချုပ်ခံရပြီး တရားရုံးတောင် မရောက်ဘဲနဲ့ ပြန်လွှတ်ပေးလိုက်တယ်။ ဘာကြောင့်လဲ ပြောဖို့မလိုပါ။
အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်သူ ရှေ့နေတစ်ဦး ဖမ်းမိပြီး တရားရုံးတင်တယ်။ ဝရမ်းထုတ်ပြီး ဖမ်းခဲ့တာက အာမခံပေးလို့မရတဲ့ ပုဒ်မ ဖြစ်သော်ငြားလည်း တရားရုံးက အာမခံပေးပြီး လွှတ်ထားတယ်။ ဘာကြောင့်လဲ ပြောဖို့မလိုပါ။
မြန်မာပြည်ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအကြောင်း မြန်မာပြည်ကို ဦးဆောင်သူတွေ မသိတာတော့ မဟုတ်လောက်ပါဘူး။ အားလုံးဟာ အောက်ခြေယန္တရားကနေ အဆင့်ဆင့်တက်လှမ်းသွားကြသူတွေ ဖြစ်ပါတယ်။ သို့သော် လူဆိုတာဟာ အခြေအနေတစ်မျိုးပြောင်းသွားရင် ရပ်တည်ချက်၊ စိတ်နေသဘောထားလည်း ပြောင်းသွားတတ်တာပဲ။
USDP အစိုးရလက်ထက်မှာရော၊ NLD အစိုးရလက်ထက်မှာရော အဂတိနဲ့အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ အနည်းအကျဉ်းလောက်ပါပဲ။ အထူးအားဖြင့် ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရတဲ့ ယန္တရားမှာ ဥပဒေလက်တစ်လုံးခြားလုပ်နေတာတွေ၊ ငွေများတရားနိုင် စီရင်ချက်ချနေတာတွေအပေါ်မှာတော့ စိစစ်အရေးယူမှုအပိုင်းက မရှိသလောက်ပါပဲ။ ဒါကြောင့်ပဲ ဘယ်အစိုးရတက်တက် ပြည်သူတွေ လိုလားတောင်းတတဲ့ တရားဥပဒေစိုးမိုးရေးက ပါးစပ်ပြောသာ ဖြစ်နေပြီး လက်တွေ့ဖြစ်လာတဲ့ အခြေအနေ မရှိပါဘူး။
ရှေးဘုရင်များလက်ထက်အခါက ပညာရှိအမတ်ကြီးတစ်ဦးဟာ ရာထူးတာဝန်တွေကို စွန့်လွှတ်ပြီး တောနယ်ဇနပုဒ်မှာ စိုက်ပျိုးရေးသွားလုပ်နေသတဲ့။ မင်းနေပြည်တော်က ပညာရှိအမတ်ကြီးကို လိုအပ်တဲ့အတွက် တိုင်းခန်းလှည့်လည်ပြီး ရှာဖွေတယ်။ ပညာရှိအမတ်ကြီးက "ဒီမှာ ကျွန်တော်တို့ ရှိနေတာကို ဘာကြောင့် သိကြသလဲ" လို့ မေးတဲ့အခါ လာခေါ်တဲ့ ဝန်ကြီးက "ဒီလိုလေ၊ ပတ္တမြားတို့ အရောင်ထက် ပညာရှိသူတော်ကောင်းတို့ရဲ့ အရောင်ဟာ ထွန်းတောက်ပါတယ်" လို့ ဆိုတယ်။ တောနယ်ဇနပုဒ်မှာ လာနေတဲ့ ပညာရှိအမတ်ကြီးက မလိုက်ချင်လို့ ငြင်းဆိုတယ်။ သူပြောတာက "တိုင်းပြည်မှာ ဥပဒေမဲ့ မမှန်မကန်လုပ်တာတွေဟာ မင်းပိုင်းစိုးပိုင်းကပဲ များတယ်။ ပြည်သူများ ဥပဒေမဲ့ လုပ်ရင်တော့ အရေးယူအပြစ်ပေးနိုင်ပြီး မင်းပိုင်းစိုးပိုင်းက လုပ်ရင်တော့ အရေးယူဖို့ရာ ခက်ခဲတယ်" ဆိုတဲ့သဘောကို ပြောဆိုပါတယ်။
တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာလည်း ထိုနည်းအတိုင်းပဲ ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ အလျဉ်းသင့်လို့ (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြာတဲ့ မိန့်ခွန်းထဲမှာ "နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်သွားမှာပဲဖြစ်တယ်" လို့ ထည့်သွင်းပြောဆိုထားပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ အစိုးရအဆက်ဆက်ကို ဦးဆောင်သူများက ပြောခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှတော့ သိပ်ပြီး ကျယ်ကျယ်လောင်လောင် မပြောပေမယ့် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေတစ်ရပ်ကိုတော့ အမှတ်ရမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတက်မလာမီကတည်းက တရားဥပဒေစိုးမိုးရေးအတွက် ကျယ်ကျယ်လောင်လောင် ပြောပင်ပြောငြားလည်း သူမကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးပျက်ပြားအောင် အဂတိလိုက်စားသကဲ့သို့ သူမရဲ့ ထမီနားကို ခိုလိုက်တဲ့ နိုင်ငံရေးလုပ်စားသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ရတဲ့အပေါက်က ဝင်နှိုက်ကြတာကြောင့် အပြောကြွယ်သလောက် လက်တွေ့မကျခဲ့ပါဘူး။ NLD လွှတ်တော်အမတ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် NLD က ဆိုသူများဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လက်လှမ်းမီသမျှ ဝင်ရောက်ခြယ်လှယ်လို့ ကမောက်ကမ ဖြစ်ခဲ့ကြရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ သက်တမ်းကာလ နိုင်ငံတော်ကို တာဝန်ယူပြီး ဦးဆောင်နေရတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုတွေအပေါ် ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်များက အလေးထား ဆောင်ရွက်ကြရင်ဖြင့် ပြည်သူတွေ လိုလားတောင်းတတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရှိသော တိုင်းပြည်ဖြစ်မှာ အသေအချာပါပဲ။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုတွေကို ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်များက အလေးမထားဘူး။ အကြမ်းဖက်သမားတွေနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများအပေါ် နည်းမျိုးစုံနဲ့ လှည့်ပတ်ပြီး ဂုပ်သွေးစုပ်နေကြအုံးမယ်ဆိုရင်ဖြင့်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းမှာ "အကြမ်းဖက်သမားများရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုများဟာ အစိုးရတစ်ရပ်အတွက် နစ်နာဆုံးရှုံးမှုမဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် အမျိုးသားအကျိုးစီးပွားများ နစ်နာဆုံးရှုံးခြင်းဖြစ်တာကို နားလည်သဘောပေါက်ဖို့ လိုအပ်မှာပဲဖြစ်တယ်။" လို့ ပြောဆိုတာကိုလည်း မှတ်သားမိပါတယ်။ ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်များဟာ အမျိုးသားအကျိုးစီးပွားကို နစ်နာဆုံးရှုံးအောင် လုပ်ဆောင်နေတဲ့ အစွန်းရောက် အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုကို အလေးမထားဘဲ င့ါပစ္စည်းဆုံးရှုံးတာမဟုတ်လို့ ငါ့အတွက် မနစ်နာဘူးလို့ သဘောထားရှိနေကြမယ်ဆိုရင် အကြမ်းဖက်အန္တရာယ်တွေအပေါ် အလေးထားကာကွယ်ဖို့လည်း ဆန္ဒရှိမှာ မဟုတ်ပါဘူး။
NLD အစွန်းရောက်တွေ ဖော်ဆောင်ခဲ့ကြတဲ့ အကြမ်းဖက်လမ်းစဉ်ရဲ့ နောက်ဆက်တွဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်ရင်း အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားတိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်များက ဘာတွေများ တာဝန်ယူဆောင်ရွက်ပေးပြီး ပါပြီလဲလို့ မေးခွန်းထုတ်ပါရစေ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment