ပူတာအိုဒေသထွက် ဆေးဖက်ဝင်ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆေးဖက်ဝင်တစ်မျိုးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုဒေသထွက် ဆေးဖက်ဝင်ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆေးဖက်ဝင်တစ်မျိုးဖြစ်


MNP ၊  ဧပြီ ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ရေခဲတောင်ဒေသအပါအဝင် ရေခဲတောင်များဖုံးလွမ်းရာ တိဘက်ကုန်းမြင့်ဒေသမှာသာ ရှာဖွေတွေ့ရှိနိုင်သည့် ဆေးဖက်ဝင် ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်ကို မှီဝဲအသုံးပြုခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဆေးဖက်ဝင်တစ်မျိုးဖြစ်ကြောင်း သိရသည်။


ရှေးနှစ်ပေါင်းထောင်ချီကတည်းက တရုတ်ပြည်တွင် ပြည့်ရှင်မင်းပိုင်နန်းတွင်းဆေးအဖြစ် သတ်မှတ်ထားခဲ့တာဖြစ်ပြီး သာမန်ပြည်သူတွေသုံး စွဲခွင့်မရှိသော ရှားပါးဆေးဖက်ဝင် အပင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေတစ်သောင်းကျော်တွင်သာ ရှာဖွေတွေ့ရှိနိုင်ခြင်းကြောင့် တရုတ်ပြည်တွင် ဆောင်းပိုး၊ နွေမြင်ဟုခေါ်ဆိုကြသည်။ ရှီးပတီးအကောင်များသည် ဆောင်းတွင်းအေးမြသည့်အချိန်တွင် ပိုးတုံးလုံးအနေဖြင့် ရှင်သန်နေပြီး နွေကာလတွင် မြက်ကြားက မှိုလေးအသွင်နှင့် ရှင်သန်နေခြင်းကြောင့် ခေါ်ဆိုကြခြင်းဖြစ်သည်။


ပိုးဆေးနွယ်ရှင်(ခေါ်)ရှီးပတီးကို တစ်ကမ္ဘာလုံးတွင် ပိုးတုံးလုံး အဓိကရှင်သန်ပေါက်ပွားကြီးပြင်းရာ တိဘက်ကုန်းမြင့် ဒေသတွင် သာရှာဖွေတွေ့ရှိနိုင်ခြင်းဖြစ်ပြီး စိုက်ပျိုးမွေးမြူလို့မရ သဘာဝအတိုင်းရေခဲတောင်တွင် ရှာဖွေတူးဖော်မှသာရရှိနိုင်ခြင်း ဖြစ်ပါသည်။ ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ကို မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံး ပူတာအိုရေခဲတောင်ဒေသနှင့် ဘူတန်၊ နီပေါနှင့် တရုတ်ပြည် အနောက်တောင်ပိုင်းဒေသတွင်သာ တွေ့ရှိရသည်။ ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ကို အာဟာရအကျိုးကျေးဇူးပြည့်ဝသည့် စားသုံးနိုင်သည့် မှိုမျိုးစိတ်ဝင်တစ်မျိုးအဖြစ် လူသိများကြပြီး တရုတ်ပြည်မှလာသည့် Cordyceps Sinensis မျိုးစိတ်သည် အထင်ရှားဆုံးဖြစ်သည်။


ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်သည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ စိတ်ဖိစီးမှုများနှင့် ရောဂါပိုးမွှားများမှ ကာကွယ်ပေးပြီး ကိုယ်ခန္ဓာ Energy Level ကိုလည်းမြင့်တင်ပေးရုံသာမက ကင်ဆာဆဲလ်များကိုပါ ထိရောက်စွာ ကာကွယ်တိုက်ဖျက်ပေးနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ ရှီးပတီး Cordyceps ကို သဘာဝကင်ဆာကုထုံးဟု သတ်မှတ်ကြပြီး ကင်ဆာဆဲလ်ပြန့်ပွားခြင်း (အထူးသဖြင့် အဆုတ်နှင့် အရေပြား) ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရသည်။


ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်များကို ရေခဲများအရည်ပျော်သည့် မိုးတွင်းကာလတွင် သွားရောက် ရှာဖွေကြရပြီး အဆိုပါ ရှီးပတီးအကောင်များကို ပျားရည်၊ ဦးရေနှင့် အခြားဆေးမြစ်၊ ဆေးဉများနှင့် ရောစပ်ကာ ဆေးစိမ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အကောင်လိုက်သော်လည်းကောင်း အမျိုးမျိုးရောင်းချလျက်ရှိရာ ပူတာအိုဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် ဆေးအဖြစ် မှီဝဲရန်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်ပေးရန်လည်းကောင်း မပါမဖြစ်ဝယ်ယူလျက်ရှိကြသည်။


အဆိုပါ ရှီးပတီး(ခေါ်)ပိုးဆေးနွယ်ရှင်ဖြင့် ဖော်စပ်ထားသည့် ဆေးစိမ်များ၊ ဒေသထွက်ဆေးမြစ်ဆေးဉများကို ပူတာအိုမြို့ စည်ပင်သာယာဈေးများနှင့် လေဆိပ်အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီး ရှီးပတီး(ခေါ်) ပိုးဆေးနွယ်ရှင်များကို ဦးရေ၊ ပျားရည်၊ ရှီးပတီးနှင့် အခြားဆေးမြစ်ဆေးဉအစုံဖြင့် ဖော်စပ်ထားသော ဆေးပုလင်းဖြင့်သော်လည်းကောင်း၊ ရှီးပတီးအကောင်လိုက်သော် လည်းကောင်း၊ ပိဿာအလိုက်သော်လည်းကောင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။


ဖုန်ကန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)