အယ်ဒီတာအာဘော်
CRPH, NUG ပြည်ပြေး ဝရမ်းပြေးတို့၏ လက်ဝေခံ PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသော တိုင်းရင်းသားလက်နက်ကိုင်တချို့၏ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်များ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအတွင်းသို့ မတ် ၃၀ ရက် ည ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေးရွာနေ အပြစ်မဲ့ အရပ်သားပြည်သူ ၉ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၇၀ လုံးနှင့် နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အလားတူ ဖြစ်စဉ်မျိုး ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင်လည်း ဖြစ်ပေါ်ခဲ့ဖူးသည်။ KIA/PDF ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်တွင် ၈လောင်းပြိုင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ပေါက်မြို့နယ်တွင် မိသားစုဝင် ၇ ဦး ကလေးငယ်ပါမချန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ မတ်လ ၁၁ ရက်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆရာတော်သံဃာတော် (၃)ပါး အပါအဝင် ဒေသခံပအိုဝ်းပြည်သူ (၂၂)ဦး ထက်မနည်း KNDF/PDF အကြမ်းဖက်သမားများက သတ်ဖြတ်သွားခဲ့ကြပြီး နေအိမ်များကို ဖျက်ဆီးကာ ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် ရွှေငွေပစ္စည်းများ၊ စားနပ်ရိက္ခာများကိုပါ ယူဆောင်သွားခဲ့ကြသည်။
အထက်ပါဖြစ်စဉ်များကို ထောက်ရှုခြင်းအားဖြင့် CRPH, NUG ပြည်ပြေး ဝရမ်းပြေးတို့၏ လက်ဝေခံ PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသော တိုင်းရင်းသားလက်နက်ကိုင်တချို့၏ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်များသည် အစိုးရတစ်ရပ်ကို ဆန့်ကျင်ပုန်ကန် တော်လှန်သည့် သဘောမျိုးမဟုတ်တော့ဘဲ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျ စော်ကား လုယက် ဓားပြတိုက်နေသည့် အဖွဲ့အစည်းများဖြစ်ကြောင်း ထင်ရှားပါသည်။
ထိုသို့သော အဖွဲ့အစည်းများအပေါ် ဥပဒေအရ ပြတ်သားစွာ လုပ်ဆောင်ရမည့်အပိုင်းတွင် အားနည်းမှုများ ရှိနေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ မကြာခဏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရသည့် အနိဋ္ဌာရုံများ ဖြစ်နေကြခြင်းပင် ဖြစ်ပါသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "NUG နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ ၎င်းတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းအချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမှာဖြစ်ကြောင်း" ပြောကြားခဲ့သော်လည်း ပြတ်ပြတ်သားသား လုပ်ဆောင်မှုအပိုင်းတွင် အားနည်းမှုများ ရှိနေခြင်းကြောင့်သာ CRPH, NUG ပြည်ပြေး ဝရမ်းပြေးတို့၏ လက်ဝေခံ PDF နှင့် ၎င်းတို့ကို ပံ့ပိုးနေသော တိုင်းရင်းသားလက်နက်ကိုင်တချို့၏ လူမဆန်သည့် လုပ်ရပ်များကို ပြည်သူများအနေဖြင့် ခါးစည်းခံနေကြရခြင်း ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၃ တွင် "မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ တွင် "နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည်။
တပ်မတော်အနေဖြင့် တိုင်းပြည်၏ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူဆောင်ရွက်နေခြင်းသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်ကို ထမ်းဆောင်နေဖြင်းပင် ဖြစ်ပါသည်။ CRPH, NUG ပြည်ပြေး ဝရမ်းပြေး များ၏ လှုံ့ဆော်မှုဖြင့် PDF နှင့် EAO အချို့က ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်နေသည့် အခြေအနေတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အတိုင်း ကာကွယ်စောင့်ရှောက်ပေးနိုင်ပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
#MyanmarNationalPost
No comments:
Post a Comment