ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ





MNP ၊  ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံ ရှင်ပြု အလှူ တော်မင်္ဂလာအခမ်းအနားကို ဧပြီလ ၉ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် ပုသိမ်မြို့​ပေါ်ရပ်ကွက်များမှ ရဟန်းလောင်း၊ ရှင်သာမဏေလောင်းများနှင့်မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရဟန်းလောင်း(၁၉၀)ဦးနှင့် ရှင်သာမဏေလောင်း(၆၅)ဦးတို့အား အခမ်းအနား ကျင်းပရာ သာသနာ့ဗိမာန်တော် ကြီးမှတဆင့် မဟာဗန္ဓုလလမ်းတစ်လျှောက်သို့ မော်​တော်ယာဥ်များဖြင့် စည်ကားသိုက်မြိုက်စွာ ရှင်​လောင်းလှည့်လည်၍ ပုသိမ်မြို့၏ကျက်သရေ ဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်​တော် ​ဗောဓိ​ညောင်ပင်၌ ရဟန်း​လောင်း၊ ရှင်သာမ​​ဏေလောင်းများအား နတ်ပြခဲ့ပြီး ​စေတီ​တော်မြတ်ကြီး၏ အ​ရှေ့ဘက်ရင်ပြင်တွင် စု​ပေါင်းဘုရားရှစ်ခိုးပူ​ဇော်ခဲ့ကြသည်။ ထိုမှတဆင့် ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ အကြော်တန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ တောင်ပေါ်လမ်းများသို့ စည်ကားသိုက်မြိုက်စွာ ရှင်​လောင်းလှည့်လည်ခဲ့ပြီး သာသနာ့ဗိမာန်တော်ကြီးသို့ ပြန်လည်ပို့ဆောင်ခဲ့ ကြသည်။


ထို့နောက် အလှူ​တော်မင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဧည့်ပရိသတ်များ၊ ရဟန်းလောင်း၊ ရှင်သာမဏေလောင်းများမှ  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ထို့​နောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D(India)အရှင်သူမြတ်ထံမှ ငါးပါးသီခံယူဆောက်တည်၍  ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြခဲ့ကြသည်။


ဆက်လက်၍ ဆံချမင်္ဂလာအခမ်းအနားအားပြုလုပ်ရာ အလှူ့ဒါယကာ၊ အလှူ့ဒါယကာမများမှ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ဆရာတော်၊ သံဃာတော်အရှင်သူ မြတ်များက  ဆံချမင်္ဂလာပြုလုပ်​ပေးခြင်းအား ကြည်ညိုသဒ္ဒါပွားခဲ့ကြသည်။ ထို့​နောက် အလှူ​တော်မင်္ဂလာအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိဿရ MA.Ph.D(India)အရှင်သူမြတ်က ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ရှင်သာမဏေအဖြစ်သို့ သွပ်သွင်းချီးမြှင့် ပေးခဲ့ပြီး အသီးသီးဘွဲ့များ ဆက်ကပ်ခဲ့ကြကာ မြောင်းမြ​ကျောင်းပရိယတ္တိစာသင်တိုက်၊ တိုက်ကြီး​ကျောင်းပရိယတ္တိစာသင်တိုက်နှင့် ပုသိမ်မြို့​ပေါ်ရှိ ဘုန်း​တော်ကြီး​ကျောင်းများတွင် သိမ်တက်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။


  ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်း၌ စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာ ရေစက်ချ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာန ဆိုင်ရာများနှင့် ပုသိမ်မြို့​ပေါ်ရပ်ကွက်များမှ ရဟန်းများနှင့် ရှင်သာမဏေများ၏ မိသားစုဝင် များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည်  ဆရာတော်ကြီးများနှင့် သိမ်တော်ဆင်း သံဃာတော်များ၊ ရှင်သာမ​ဏေများအား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် လောင်းလှူပူဇော်ခဲ့ပြီးနောက် သိမ်ဆင်း​လောင်းလှူသည့် ပရိတ်သတ်များအား လိုက်လံ နှုတ်ဆက်ခဲ့သည်။ ဆက်လက်၍  ရေစက်ချမင်္ဂလာအခမ်းအနားအား ပြုလုပ်ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက  အခမ်းအနားအား “နမောတဿ ”သုံးကြိမ်ရွတ် ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များအား နာယူကြည်ညိုကြခဲ့ကြသည်။


  ဆက်လက်၍ စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားသို့ ပင့်ဆောင်သည့် ဆရာတော်ကြီး (၁၂)ပါးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ထို့နောက် ဧရာဝတီတိုင်းဒေသကြီးသံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ရွှေမိုး၊ငွေမိုးများရွာသွန်းဖြိုးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ပင့်သံဃာများနှင့် ရဟန်း၊ သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ် များအား ​နေ့လယ်စာဖြင့် ဧည့်ခံ​ကျွေး​မွေးခဲ့​‌ကြောင်းသိရသည်။


လှမင်းထွဋ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)