MNP ၊ ဧပြီ ၂၉
မိုးစပါးအပါအဝင် တစ်နှစ်လျှင် နှစ်သီးမှသုံးသီးစိုက်ပျိုး၍ စားရေရိက္ခာဖူလုံပိုလျှံပြီး တောင်သူများဝင်ငွေ တိုးတက်ရရှိစေရန်အတွက် မြေဆီလွှာကောင်းမွန်၍ အပင်အာဟာရ ကောင်းမွန်စွာရရှိစေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်း၊ တောင်သူဦးဝင်းတင်၏ လယ်မြေ၌ ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တောင်သူများအနေဖြင့် ရေမြေဒေသ ရာသီဥတုနှင့်ကိုက်ညီပြီး စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကိုအသုံးပြု၍ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေးကောင်းမွန်သော လယ်ယာသီးနှံများကို စိုက်ပျိုးထုတ်လုပ်ခြင်း ဖြင့် အကျိုးအမြတ်များ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ လိုအပ်သည့်နည်းပညာနှင့် အကူအညီ များကို စိုက်ပျိုးရေးဦးစီးဌာနမှ အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ပြီး မြေဆီလွှာကောင်းမွန်၍ အပင်အာဟာရလုံလောက်စွာရရှိမှသာ စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မြေဩဇာသွင်းအားစုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့နည်းသက်သာစေပြီး သီးနှံအထွက်နှုန်း မြင့်မားရေးအတွက် လယ်ယာမြေများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက ထောင်ဝိ၊ ရွှေကင်း၊ ရဲသာ(ကမော့ကစင်)၊ တရုတ်လှ၊ မြိုင်ကလေး ကျေးရွာများမှ တောင်သူ ဦးကြီးများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့(၁၆)တင်းနှင့် သဘာဝမြေဩဇာအိတ်(၁၀၀)တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တောင်သူဦးကြီးများကိုယ်စား ထောင်ဝိကျေးရွာမှ တောင်သူ ဦးမောင်လှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက တက်ရောက်လာသော တောင်သူဦးကြီး များနှင့်အတူ တောင်သူဦးဝင်းတင်၏ လယ်မြေ ၁၀ ဧက၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို အတူတကွ ကြဲပက်ကွင်း သရုပ်ပြသခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း ၃၇၂၂၇၅ (သုံးသိန်းခုနှစ်သောင်း နှစ်ထောင်နှစ်ရာခုနှစ်ဆယ့်ငါးပင်) အားစိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ ဝင်များသည် ဘားအံမြို့နယ် သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော ပျိုးပင်များအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက ပျိုးထောင်ထားရှိသော သစ်မျိုးအရေအတွက်၊ ပျိုးပင်အရေအတွက်နှင့် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သစ်မျိုးများ စနစ်တကျပြုစုပျိုးထောင်၍ လာမည့်မိုးရာသီတွင် လျာထားချက်ပြည့်မီကျော်လွန်အောင် ဖြန့်ဝေစိုက်ပျိုးသွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
လာမည့်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်၌ ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မဟော် ဂနီ၊ စိန်ပန်း၊ ငုရွေဝါ၊ ပိတောက် အစရှိသော အမြင့် ၂ ပေနှင့်အထက်ရှိသည့် သစ်မျိုးအရေအတွက် ၃၀ ကျော်ကို လမ်းဘေးဝဲ/ယာစိုက်ပျိုးခြင်း၊ လူထုဖြန့်ဝေစိုက်ပျိုးခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများသို့ ဖြန့်ဝေစိုက်ပျိုးခြင်း၊ မိုးရာသီလူထုလှုပ်ရှားမှု အသွင်စိုက်ပျိုးခြင်း၊ သဘာဝတောအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းများဖြင့် အပင်ပေါင်း သုံးသိန်းခုနှစ်သောင်းကျော်ကို စိုက်ပျိုးသွားမည်ကာ ဘားအံမြို့နယ်သစ်တောဦးစီးဌာန၏ သီးသန့် အစီအစဉ်ဖြင့် ဝါးဘိုး ၈၀၀၀၊ မျှင်ဝါးဖြူ ၆၀၀၀၊ ရေတမာ၊ အာသောက၊ ကံ့ကော် အစရှိသော ပျိုးပင်ပေါင်း ၃၇၁၀ တို့ကိုလည်း ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူငယ်လူရွယ်များအားကစားကို ပိုမိုစိတ်ဝင်စားလာစေပြီး အားကစားလှုပ်ရှားမှုကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကားစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဘားအံမြို့နယ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချနေမှုကို ဘားအံမြို့၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
နွေရာသီအဆင့်မြင့်အားကစားသင်တန်းကို ကြက်တောင်၊ ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ရေကူး၊ ကရာတေးဒို အားကစားနည်း(၆)နည်းကို ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိရာ ဘားအံမြို့နယ်အတွင်းရှိ အားကစားကို စိတ်ပါဝင်စားသော လူငယ်လူရွယ် ၂၀၀ ဦးကျော်တက်ရောက် သင်ကြားလျက်ရှိကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment