ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်


MNP ၊ ဧပြီ ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (Global Security Initiative-GSI) အပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက် ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI) ကို အဆိုပြုခဲ့ပြီးနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI) သဘောတရားစာတမ်း (Concept Paper) ထုတ်ပြန်ခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်းစွာမှတ်သားမိသည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို အကောင်အထည်ဖော်ခဲ့သည့် တစ်နှစ်တာကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့လုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှုများအတွက် မြန်မာနိုင်ငံက ချီးကျူးဂုဏ်ပြုသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) သည် (၁) အားလုံးအတွက် ပြည့်စုံကျယ်ပြန့်ပြီး ပူးပေါင်း ဆောင်ရွက်မှုရှိသော ရေရှည်တည်တံ့သည့် လုံခြုံရေးဆိုင်ရာ မျှော်မှန်းခြင်း၊ (၂) နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကိုလေးစားခြင်း၊ (၃) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကိုလိုက်နာခြင်း၊ (၄) နိုင်ငံအားလုံး၏ ကျိုးကြောင်းဆီလျော်မှုရှိသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထားခြင်း၊ (၅) နိုင်ငံများအကြား မတူကွဲပြားမှုများနှင့် အငြင်းပွားမှုများကို ဆွေးနွေး၊ ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် (၆) သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော နယ်ပယ်နှစ်ရပ်လုံးတွင် လုံခြုံရေးထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ခိုင်မာစွာဆက်လက် ဆောင်ရွက်သွားရန် စသည့်ကတိကဝတ် (၆) ရပ်ပေါ်တွင် အခြေခံသည်ကို တွေ့ရှိရသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန် အတွက် ချမှတ်ထားသည့် အမြော်အမြင်ကြီးမားသည့် အစီအမံတစ်ရပ်ဖြစ်ပြီး ယင်းအစီအမံပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစိုက်လိုက်နာကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့အပါအဝင်ဖြစ်သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို ထောက်ခံကြိုဆိုသည်။

မျက်မှောက်ကာလတွင် အလွန်ကြီးမားသည့် အပြောင်းအလဲများနှင့် တွေ့ကြုံရင်ဆိုင်နေရချိန်၌ ကမ္ဘာ့နိုင်ငံများအနေဖြင့် တရားမျှတမှုရှိပြီး သာတူညီမျှရှိသည့် နိုင်ငံတကာ အခင်းအကျင်းဖြစ်စေရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လေးစားလိုက်နာလျက် ပိုမိုအေးချမ်းလုံခြုံပြီး သာယာဝပြောသည့် ကမ္ဘာနှင့် လူသားအားလုံးအတွက် အေးအတူပူအမျှ အသိုက်အဝန်းဖော်ဆောင်နိုင်ရေးတို့အပြင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝ အေးချမ်းသာယာဝပြောစေရန်တို့အတွက် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)