KIA ကို ရှင်းမှာလား (သို့) အကြမ်းဖက်ဘေးဒဏ်သင့် ပြည်သူတွေရဲ့ မျှော်လင့်ချက် ရောင်ခြည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA ကို ရှင်းမှာလား (သို့) အကြမ်းဖက်ဘေးဒဏ်သင့် ပြည်သူတွေရဲ့ မျှော်လင့်ချက် ရောင်ခြည်


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးရွာစွာ ကြုံတွေ့ခံစားခဲ့ရတဲ့ ပြည်သူတွေဆီ ကျွန်တော် ရောက်ခဲ့ဖူးတယ်။ တခါကတော့ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာမှာ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက အုပ်စုဖွဲ့ ရမ်းကားစော်ကား နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းကြောင့် တိမ်းရှောင်ထွက်ပြေးလာရသူတွေကို ချိန်းဆိုပြီး စစ်ကိုင်းမြို့မှာ သွားရောက်တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ်ကတော့ ကိုချိုကြီး မြန်မာပြည်ရောက်လာတဲ့အချိန်မှာ သူတို့က သွားကြည့်ချင်သပ ဆိုလို့ ဆရာတော်ဦးဝါသဝ ရှိရာ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာကို ရောက်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆရာတော့်ကျောင်းကို ရောက်ရှိသွားချိန်က ဆရာတော်ကျောင်းမှာ ခိုလှုံနေရတဲ့ မိသားစုဝင်တွေ ရှိပါတယ်။ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာမှာ စပါးရိတ်သိမ်းနေသူ ၃ဦးကို KIA/PDF အကြမ်းဖက်သမားများက ခေါင်းဖြတ်၊ ခြေဖြတ်ပြီး သတ်သွားတဲ့ အချိန်မှာ အသတ်ခံရသူများရဲ့ မိသားစုဝင်တွေ ဆရာတော်ကျောင်းမှာ တိမ်းရှောင်ခိုလှုံနေကြပါတယ်။ အဲဒီအထဲမှာ အသက် ၉၀ ကျော်အရွယ် အဖွားအိုတစ်ဦး ပါတယ်။ ဒီအသက်အရွယ်အထိ ဒီလောက်ဆိုးသွမ်းတာမျိုး မကြုံတွေ့ခဲ့ဘူး။

နောက်ထပ် တိမ်းရှောင်နေတဲ့ အစ်ကိုတစ်ယောက်ကတော့ သူ့မိသားစုဝင်တွေ အသတ်ခံလိုက်ရတဲ့ အခြေအနေမျိုးမှာ စိတ်ဖောက်ပြန်သွားတဲ့ အခြေအနေမျိုး မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ မေးမြန်းတာတွေကို စမ်းတဝါးဝါးနဲ့ အဖြေပေးရှာပါတယ်။

အခြားသော မြို့နယ်တွေက တိမ်းရှောင်လာရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို ကိုယ်တွေ့ကြုံခဲ့ရသူတွေနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ဖူးပါတယ်။ အထူးအားဖြင့် PDF မိုက်မဲနေခြင်းဟာ သူတို့နောက်မှာ KIA က ကြိုးကိုင်ခိုင်းစေနေခြင်းကြောင့် မိုက်လုံးထွားနေခြင်း ဖြစ်တာကို ပြောဆိုကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေ ချုပ်ငြိမ်းဖို့ ဘယ်လိုဆောင်ရွက်သင့်သလဲ ဆရာတော်ရဲ့ သဘောထားအမြင်ကို ကျွန်တော်တို့ မေးမြန်းခဲ့ကြပါတယ်။ ဆရာတော် မိန့်ကြားတာကတော့ ဖြစ်ပေါ်နေသမျှ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ KIA ကြိုးကိုင်နေတာ ဖြစ်တယ်။ KIA ဟာ သူ့နယ်မြေမှာ စစ်မီးတောက်လောင်အောင်မလုပ်ဘဲ စစ်ကိုင်းတိုင်းထဲဝင်ပြီး စစ်မီးတောက်လောက်အောင် လုပ်နေတာ။ PDF ကို သင်တာပေးတာလည်း KIA ပဲ။ PDF ကိုင်နေတဲ့ လက်နက်၊ ခဲယမ်း ကလည်း KIA ဆီကပဲ။ လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးပြီး ဘုန်းကြီးလည်း သတ်ခိုင်းတယ်။ ဆရာ/ ဆရာမတွေလည်း သတ်ခိုင်းတယ်။ PDF ကို ရှင်းတယ်ဆိုတာ ကိုင်းဖျားကိုင်းနားကို လိုက်ခုတ်နေသလိုပဲ။ တကယ် အကြမ်းဖက်လုပ်ရပ်တွေ ချုပ်ငြိမ်းစေချင်ရင် ကိုင်းဖျားကိုင်းနားကို လိုက်ခုတ်မနေနဲ့။ ပင်စည်ဖြစ်တဲ့ KIA ကို ပြတ်ပြတ်သားသား ရှင်းမှ အကြမ်းဖက်လှုပ်ရှားမှု ချုပ်ငြိမ်းမယ်။" လို့ ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အဲဒီက ပြန်လာပြီးမှာ ဒေသအခြေအနေ၊ ကျွန်တော်တို့ မှတ်တမ်းတင်ရိုက်ကူးလာတာတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့ပါဘူး။ KIA တပ်စခန်းတွေကို တခါက ရှင်းလင်းခဲ့ပါသေးတယ်။ ဖားကန့် အနီးဝန်းကျင်မှာ ရှိတဲ့ KIA စခန်းတွေကို ရှင်းလင်းခဲ့ခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုင်းဖျက် ပြည်ဖျက် လှုံ့ဆော်ရေးသားနေတဲ့ မီဒီယာတွေမှာ အကြမ်းဖက်အဖွဲ့အစည်းတွေကို နှိမ်နင်းပြီဆိုတာနဲ့ တပ်မတော်ကပဲ စစ်ရာဇဝတ်မှုကျူးလွန်နေသယောင် စီကာပတ်ကုံး ချဲ့ထွင်ရေးသားဖော်ပြခဲ့ကြတာကို မှတ်မိကြပါလိမ့်မယ်။ အဲဒီနောက်ပိုင်းတော့ KIA ကို မရှင်းတော့ပြန်ပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်လှုပ်ရှားမှု တကျော့ပြန်ဆိုးသွမ်းလာပြန်ပါတယ်။

နောက်ပိုင်း ဆရာတော်နဲ့ အဆက်အသွယ်မပြတ် ရှိနေတဲ့အချိန်မှာလည်း ဒေသအခြေအနေကို မေးမြန်းဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း စဉ်ဆက်မပြတ် ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဆရာတော် ဦးဝါသဝ ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ပြည်သူ့စစ်ဖွဲ့စည်းပြီး ရပ်ရွာကာကွယ်ရေး လုပ်နိုင်တဲ့ ကျေးရွာတွေမှာသာ အကြမ်းဖက်အန္တရာယ် ကင်းရှင်းနေတာ ဖြစ်ပြီး ပြည်သူ့စစ်ဖွဲ့စည်းဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ကျေးရွာတွေမှာတော့ KIA/PDF အကြမ်းဖက်သမားတွေက လစ်ရင် လစ်သလို ရွာထဲဝင်ပြီး သတ်ဖြတ်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေမြဲ ဖြစ်ပါတယ်။

ယမန်နေ့က သတင်းထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ ခိုအောင်းနေရာယူပြီး အကြမ်းဖက်လုပ်ငန်းများနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းများ လုပ်ဆောင်နေသည့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းခဲ့တာကို တွေ့ရပါတယ်။

 KIA တပ်ရင်း ၁ ရင်းနှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအကြမ်းဖက်လက်နက်ကိုင်အင်အားစုတချို့သည် ရွှေကူမြို့နယ်အတွင်း ဝင်ရောက်နေရာယူပြီး ဒေသခံပြည်သူများအား အနိုင်ကျင့် နှိပ်စက်ခြင်း၊ ရွှေကူ-စီသာ-စီသောင်-အင်ဘာပါ လမ်းကြောင်းအား အသုံးပြု၍ ဗန်းမော်၊ လိုင်ဇာ မှတဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်အဖိုးတန် သစ်တောသယံဇာတများ ပို့ဆောင်ခြင်းနှင့်  စစ်ကိုင်းတိုင်းအတွင်းရှိ PDF အမည်ခံအကြမ်းဖက် အဖွဲ့များထံ ပေးပို့မည့် လက်နက်၊ ခဲယမ်း ရောင်းချခြင်းနှင့် အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ရန် စီမံဆောင်ရွက် နေကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်ကျေးရွာများမှ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အစိုးရပညာရေးယန္တရားအား  ရပ်တန့်စေပြီး NUG မှ တရားမဝင် ကျောင်းများ  ဖွင့်လှစ်သင်ကြားရန်စီမံနေခြင်း စသည့် လုပ်ရပ်များ အပေါ် ကျေနပ်မှုမရှိသော ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင် များက စနစ်တကျစုဖွဲ့၍ မတ် ၂၃ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများတစ်ဝိုက် အခြေပြု စုဖွဲ့လျက်ရှိသော အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။

KIA/PDF အကြမ်းဖက်အဖွဲ့တွေကို  ချေမှုန်းတဲ့ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊  ခဲယမ်း မျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ   ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ စပ်ဆက်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ  သိမ်းဆည်းရရှိခဲ့ပါတယ်။

မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန် ကျေးရွာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သဖြင့် အကြမ်းဖက်သမားများ၏ တရားမဝင် သစ်တော သယံဇာတများ ပို့ဆောင်ခြင်း၊ လက်နက်/ခဲယမ်းများ အား လိုင်ဇာဒေသမှ စစ်ကိုင်းတိုင်းအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်ခြင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှ အကြမ်းဖက်သင်တန်းသားများ လိုက်ဇာ ဒေသသို့ ပို့ဆောင်ခင်းများ လုပ်ဆောင်လျက်ရှိသည့်ဆက်သွယ်မှုလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့နိုင်ခဲ့ သည့်အပြင် KIA တပ်မဟာ(၈)နယ်မြေ ဒါးဝယ်သို့ တရားမဝင်ဆက်သွယ်သည့် လမ်းကြောင်းကိုလည်း ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

သိမ်းဆည်းရမိသော အထောက်အထားများအရ KIA အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် မန်ကံဒေသ၌ တပ်မတော်၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် ပြိုကွဲသွားခဲ့သည့် KIA ရင်း(၁၂)ဟု သိရှိရပြီး ရွှေကူမြို့နယ်အတွင်း အခြေခံနယ်မြေတည်ဆောက်ရန် ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာအချို့အတွင်းဝင်ရောက်၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိခြင်းကြောင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ဒီလိုသတင်းမျိုးကတော့ KIA/PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုဒဏ်ကို ကာလရှည်ကြာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်ဒသေကြီးအတွင်းက ပြည်သူတွေ အကြားချင်ဆုံး သတင်းတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ ဥပဒေဘောင်အတွင်းမှာ နေထိုင်ရင်း KIA/PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်တွေကို ခါးစီးခံခဲ့ရတဲ့ ပြည်သူတွေအပေါ် နစကတာဝန်ရှိသူများအနေဖြင့်လည်း ကိုယ့်မိသားစုဝင်များလို သဘောထားပြီး မြင်နိုင်မယ်ဆိုရင် ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေကို စာနာနိုင်ကြပါလိမ့်မယ်။

အာဏာရမ္မက်ထပြီး NLD အစွန်းရောက်တွေက အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်လာတဲ့အချိန်မှာ ဗမာလူမျိုးရေးမုန်းတီးမှုကို အခြေခံပြီး ဗမာအချင်းချင်း သတ်ခိုင်းမယ်ဆိုတဲ့ ကောက်ကျစ်ယုတ်မာရိုင်းစိုင်းသော စိတ်နဲ့ လုပ်ဆောင်နေတဲ့ KIA ကို တာဝန်ရှိသူများအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများရဲ့ လိုလားတောင်းတမှုကို အမြန်ဆုံးပြည့်ဝရအောင် အရေးတယူဆောင်ရွက်ပေးနိုင်ပါစေကြောင်း KIA/PDF အကြမ်းဖက်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူများရဲ့ ကိုယ်စား တင်ပြတောင်းဆိုလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)