အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ၌ စက်ရုံတွင် အလုပ်သမားအပေါ် ဥပဒေချိုးဖောက်မှု ရှိသည်ဟူသော သတင်းဖော်ပြချက်နှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာ၌ စက်ရုံတွင် အလုပ်သမားအပေါ် ဥပဒေချိုးဖောက်မှု ရှိသည်ဟူသော သတင်းဖော်ပြချက်နှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ခြင်း

 


နေပြည်တော် မေ ၂၂

အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများ၌ စက်ရုံများတွင် အလုပ်သမား များအပေါ် ဥပဒေချိုးဖောက်မှုများရှိသည်ဟူသော သတင်းဖော်ပြမှု နှင့်ပတ်သက်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ ပေါင်းစပ်အဖွဲ့ဖြင့် လည်းကောင်း၊ စည်းကြပ်ဥပဒေများဖြင့်လည်းကောင်း မှန်ကန်မှု ရှိ/မရှိ စိစစ်၍ အလုပ်သမားများ ရပိုင်ခွင့်များရရှိအောင် ဆောင်ရွက် ပေးလျက်ရှိသည်။


Myanmar Labour News ၏ ၄-၅-၂၀၂၃ ရက်စွဲပါ စာမျက်နှာ၌ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် (၄) စက်ဆရာဦးထွန်းလမ်း အမှတ် (၉၀) ရှိ ဦးမြတ်ဆွေ (မြန်မာနိုင်ငံသား)ပိုင် Lucky Fortune Garment အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ အား လစာပေးချေရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ လစာ အမှန်/အမှားကို ပြောခွင့်မရှိကြောင်း၊ အလုပ်ချိန်မတိုင်ခင် ၁၅ မိနစ်စော၍ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ရပြီး ဝင်ရောက်မလုပ်ကိုင်ပါက မခံမရပ်နိုင်အောင် ပြောဆိုခြင်း၊ အော်ဟစ်ခြင်းများရှိကြောင်း၊ ထမင်း စားချိန်အဖြစ် မိနစ် ၃၀ ရရှိသော်လည်း ၁၀ မိနစ်ဖြင့် ထမင်းအမြန် စားခိုင်းပြီး အထည်ချုပ်ခိုင်းကြောင်း၊ ၁၀ မိနစ်ဖြင့် ထမင်းစားမပြီးပါက စူပါ၊ အောစူပါများမှပြောဆိုခြင်း၊ အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းများ ရှိခြင်းကြောင့် ထမင်းစားချိန် မိနစ် ၃၀ အပြည့်အဝ ရရှိလိုကြောင်း၊ အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်များကို တောင်းခံသဖြင့် ရေသောက်ချိန်၊ အပေါ့အပါးသွားချိန် မရရှိသည်အထိ ချုပ်လုပ်နေရပြီး စံချိန်မပြည့်ပါက ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆို ခြင်းများရှိကြောင်း၊ ကိုယ်ဝန်ဆောင် အလုပ်သမားများကိုလည်း သက်ညှာစွာ ခိုင်းစေခြင်းမရှိဘဲ အခြားအလုပ်သမားများနှင့် တန်းတူ အထည်များတောင်းခံခြင်း၊ ကိုယ်ဝန်ဆောင် အလုပ်သမားများမှာ ဖယ်ရီကားစီးရာတွင်လည်း အန္တရာယ်ကင်းစွာ စီးနိုင်ရန် ဆောင်ရွက် ပေးမှုမရှိကြောင်း၊ စက်ရုံတွင် သောက်ရေပြတ်တောက်ခြင်း၊ ရေမသန့် ခြင်းများရှိကြောင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက ဆေးခန်းတွင် မည်သည့်ဆေးမျှမရှိဘဲ အလုပ်သမားများမှာ မိမိတို့ ပိုက်ဆံစု၍ ဝယ်သုံးရကြောင်း၊ ဆေးခန်းတွင် ဥပဒေနှင့်အညီ ဆေးများ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဥပဒေပါ ခွင့်ခံစားခွင့်များ မရရှိ ကြောင်း၊ ခွင့်တိုင်ကြားသော်လည်း ခွင့်မပေးဘဲ ဒေးကြေး ကျပ် ၅၂၀၀၊ ရက်မှန်ကြေး ကျပ် ၁၀၀၀၀၊ စုစုပေါင်း ကျပ် ၁၅၂၀၀ ဖြတ်တောက် ခံရသဖြင့် ဥပဒေပါ ခွင့်ခံစားခွင့်များ ရရှိလိုကြောင်း၊ အချိန်ပိုလုပ်ကိုင် ရာတွင်လည်း အလုပ်သမားများ၏ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ အလုပ်ရှင်နှင့် WCC တို့မှ ပူးပေါင်းလုပ်ဆောင်ပြီး အလုပ်သမားများ မသိအောင် လက်မှတ်‌‌ရေးထိုး၍ အချိန်ပိုခွင့်ပြုမိန့်ရရန် လုပ်ဆောင် လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။


အဆိုပါ သတင်းဖော်ပြချက်နှင့်ပတ်သက်၍ ၁၁-၅-၂၀၂၃ ရက်တွင် အလုပ်ရုံနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေး အဖွဲ့၊ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့ သွားရောက်၍ စက်ရုံမှူး၊ မန်နေဂျာ၊ HR မန်နေဂျာ၊ WCC အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ်များ၊ ကိုယ်ဝန် ဆောင်အလုပ်သမားများနှင့် အခြားအလုပ်သမားများ၊ စုစုပေါင်း ၂၁ ဦးတို့အား စစ်ဆေးမေးမြန်း ခဲ့ရာ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည်-


(က)     အလုပ်သမားများ၏ လုပ်ခလစာကို လကုန်ပြီး လဆန်း ၅ ရက်နေ့တွင် ရှင်းလင်းပေးချေပြီး လစာကို ပြည့်ဝ မှန်ကန်စွာ ရရှိပါကြောင်း၊


(ခ)       အလုပ်စချိန်မှာ ၀၈:၀၀ နာရီဖြစ်ပြီး အလုပ်စတင်ချိန် မတိုင်မီ ၀၇:၄၅ နာရီမှစ၍ အထည်ချုပ်ခိုင်းခြင်း မရှိ ကြောင်း၊


(ဂ)       စက်ရုံမှတောင်းခံသည့်စံချိန်မှာ ချုပ်လုပ်နိုင်သည့် စံချိန် ဖြစ်ပါကြောင်းနှင့် စံချိန်တောင်းခံရာတွင် မခံမရပ်နိုင်အောင် ပြောဆိုခြင်းမရှိပါကြောင်း၊


(ဃ)     ကိုယ်ဝန်ဆောင်အမျိုးသမီးများ မချုပ်လုပ်နိုင်သော စံချိန် တောင်းခံခြင်း မရှိပါကြောင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖယ်ရီကားစီးရာတွင် အဆင်ပြေမှုရှိရန် နေရာ စီစဉ်ပေးထားပါကြောင်း၊


(င)       စက်ရုံအလုပ်သမားများအတွက် သောက်ရေပြတ်တောက် ခြင်းနှင့် ရေမကောင်းခြင်း မရှိပါကြောင်း၊


(စ)       လုပ်ငန်းခွင်အတွင်း ထိခိုက်မှုရှိပါက ကုသပေးနိုင်ရန် စက်ရုံ တွင် ဆေးခန်းတစ်ခန်းထားရှိပြီး သူနာပြုသင်တန်းဆင်း လက်မှတ်ရ ဆရာမဒေါ်နန်းကလျာလှိုင်အား ခန့်အပ် ထားရှိပါကြောင်းနှင့် သူနာပြုဆေးပစ္စည်းများ ပါဝင်သော သူနာပြုဆေးသေတ္တာ ၂၇ လုံး စီစဉ်ထားရှိပါကြောင်း၊


(ဆ)     ခွင့်မတိုင်ဘဲ ခွင့်မဲ့ပျက်ကွက်ပါက ဒေးကြေး ကျပ် ၅၂၀၀၊ ရက်မှန်ကြေး ကျပ် ၁၀၀၀၀၊ စုစုပေါင်း ကျပ် ၁၅၂၀၀ ဖြတ်တောက်ခြင်းခံရပါကြောင်း၊


(ဇ)       အချိန်ပိုလုပ်ကိုင်ရာတွင်လည်း အလုပ်သမားများ သဘော ဆန္ဒနှင့်အညီ လက်မှတ်ထိုး၍ လုပ်ကိုင်ရပြီး WCC အလုပ်သမားကိုယ်စားလှယ်များ ခန့်အပ်ရာတွင် အလုပ် သမားများ၏ သဘောဆန္ဒအရ ရွေးချယ်ပါကြောင်းနှင့် WCC အဖွဲ့ဝင်များ သိရှိပါကြောင်း။


သို့ဖြစ်ပါ၍ Myanmar Labour News တွင် ဖော်ပြပါရှိသော Lucky Fortune Garment အထည်ချုပ်စက်ရုံနှင့် ပတ်သက်သည့် သတင်းဖော်ပြထားမှုအပေါ် မှန်ကန်မှု ရှိ/မရှိ အလုပ်ရှင်နှင့် အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုအရ မှန်ကန်မှုမရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


အလုပ်သမားဝန်ကြီးဌာန


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)