နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်


















MNP ၊ မေ ၁၇

ရခိုင်ပြည်နယ်စစ်တွေမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ရောက်ရှိပြီး တပ်မတော်ကမ်းထိုးယာဉ်ဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ ပေးပို့မည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ရေသန့်စင် စက်ရုံပါရေသယ်ယာဉ်(၂)စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့်ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများတင်ဆောင်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို မှာကြားသည်။


ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် သက္ကေပြင်ကျေးရွာ အမှတ်(၁၀) အခြေအခံပညာအထက်တန်းကျောင်း၌ မုန်တိုင်းဒဏ်ကြောင့်ခိုလှုံရောက်ရှိနေကြသော ဒေသခံပြည်သူများအားတွေ့ဆုံအားပေးပြီး ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ထောက်ပံ့ပေးသည်။ ဆက်လက်၍ ခေါင်းဒုက္ကာကျေးရွာသို့ရောက်ရှိပြီး အခြေခံပညာအလယ်တန်းကျောင်းတွင် လာရောက်ခိုလှုံနေကြသော ဒေသခံပြည်သူများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များထောက်ပံ့ပေးအပ်ပြီး အားပေးစကား ပြောကြားကြသည်။


ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ် ဖြင့် ပုဏ္ဏားကျွန်းမြို့သို့ထွက်ခွာပြီး အခြေခံပညာအထက်တန်းကျောင်း(ပုဏ္ဏားကျွန်း)၊ ဦးရာဇ်မင်္ဂလာကြိုးတံတား၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ မုန်တိုင်းဒဏ်ကြောင့် ယိုယွင်းပျက်စီး မှုများကိုစစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဆောင်ရွက်နိုင်ရေးမှာကြားကာ လိုအပ်ချက်များအားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် မြို့မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကူညီ ထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကူညီပေးကြစေလို ကြောင်း၊ ရိက္ခာ၊ ဆေးဝါးနှင့်အမိုးအကာများ၊ ဆောက်လုပ်ရေးပစ္စည်းများလည်း ဆက်လက်ပေးပို့၍ အမြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူလူထုများ၏ တင်ပြ ချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် မုန်တိုင်းဒဏ်သင့် ပြည်သူလူထုအတွက် ထောက်ပံ့ငွေကျပ်သိန်း(၃၀၀)နှင့် စားသောက် ကုန်များဖြစ်သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များကို ထောက်ပံ့ပေးအပ်ကြသည်။


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော် ဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ စစ်တွေမြို့ပေါ်ရှိရပ်ကွက်များမှ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအားထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့တက်ရောက် ကြသည်။


အခမ်းအနားသို့ မြို့မိ၊ မြို့ဖများ ဒေသခံပြည်သူများနှင့်အတူ ရခိုင်ပြည်နယ်လေဘေးသင့် ပြည်သူများအား နှစ်သိမ့်အားပေးရန်ရောက်ရှိနေသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း ဦးဆောင်သော ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များလည်း တက်ရောက်ကြသည်။


အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မိမိတို့အဖွဲ့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့နယ်များသို့သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံ အားပေးပြီး ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်မှုအခြေအနေ၊ ရိက္ခာ၊ ဆေးဝါးနှင့်ဆေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများ လူသုံးကုန်ပစ္စည်းဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မုန်တိုင်းဒဏ်ခံမြို့ရွာများသန့်ရှင်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးနေမှု၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘုန်းတော်ကြီးကျောင်းများအား အမြန်ပြုပြင်ရန်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူ ထောင်ရေးကိစ္စများအရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲလမ်း ညွှန်ချက်ဖြင့် တာဝန်ရှိသူများက ယခုကဲ့သို့အနီးကပ်လာရောက်ကြီးကြပ်ဆောင်ရွက်နေခြင်းကို ရခိုင်ပြည်နယ် ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်းနှင့် မိမိတို့ပြည်သူလူထုကလည်း ပြန်လည်ထူထောင်ရေးကိစ္စများတွင် တက်ညီလက်ညီပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။


ထို့နောက် စစ်တွေမြို့ပေါ်၌ မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအတွက် နိုင်ငံတော်အစိုးမှ ထောက်ပံ့သည့် ဆန်အိတ် ၆၃၇၀ ၊ ဆီ ၇၆၄၅ ပိဿာ၊ ဆား ၆၁၄၄ ပိဿာနှင့် ပစ္စည်း ၁၇ မျိုးအိမ်သုံးပစ္စည်းသေတ္တာများ၊ ခေါက်ဆွဲခြောက်ထုပ်များ တာပေါ်လင်စများ၊ ထောက်ပံ့ငွေကျပ်သိန်း ၂၀၀ တို့ကို ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများက ပေးအပ်ရာ ပြည်သူများကလက်ခံရယူ ကြသည်။ ဆက်လက်၍ ဆရာတော်အရှင်ဆေကိန္ဒက မုန်တိုင်းသင့်ပြည်သူများအတွက် လှူဒါန်းသည့် စတီးပန်းကန်ပြားများ၊ ငါးနီတူခြောက်နှင့် ငါးပိထုပ်များကို ဆရာတော်ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များက လှူဒါန်းကြရာ ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူကာ မြို့မိ၊ မြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများ၊ အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


တင်ထွန်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)