MNP ၊ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးထုတ်လျက်ရှိရာ နွေရာသီ ဂန္ဓမာပန်းစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးမြှင့်ရောင်းချနေရကြောင်း ပန်းစိုက်ပျိုးသူများထံမှ သိရသည်။
“ဂန္ဓမာပန်းကို နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး မြေအောက်ရေတင်ပြီး စိုက်ပျိုးပါတယ်။ ပန်းမျိုးကိုတော့ ပြင်ဦးလွင်မြို့က မှာယူရပါတယ်။ ပူပြင်းတဲ့ နွေရာသီ စိုက်ပျိုးရာမှာ ရေကအဓိကကျပြီး ရေလိုချိန် အဆက်မပြတ် ရေပေးရပါတယ်။ ပန်းခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး ဈေးကောင်းလည်းရရှိနေပါတယ်။ အခုဆိုရင် ဂန္ဓမာပန်း သုံးခက်၊ လေးခက်ပါ တစ်စည်းငွေကျပ် ၆၀၀ နဲ့ ရောင်းနေရပါတယ်” ဟု အင်ကြင်းမြိုင်ရပ်ကွက် ပန်းစိုက်ပျိုးသူ ဦးချစ်အေးက ပြောပြသည်။
အဆိုပါ ဂန္ဓမာပန်းများကို မြိုပေါ်ဈေးသည်များ၊ ရပ်ဝေးရပ်နီးကျေးရွာများနှင့် ခြံအထိ လာရောက်ဝယ်ယူကြသည့် ဒေသခံပြည်သူများအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် နေအိမ်ခြံဝင်းများအတွင်း ဟင်းသီး ဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် ဂန္ဓမာပန်း၊ မေမြို့ပန်း၊ စံပယ်ပန်း၊ သပြေပန်း၊ နှင်းဆီပန်း စသည့် ပန်းမျိုးစုံစိုက်ပျိုးကြပြီး တစ်ဖက်တစ်လမ်းက မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost


No comments:
Post a Comment