MNP ၊ မေ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးဝန်းအတွင်းတွင် တိရစ္ဆာန်အစာပင်များ သရုပ်ပြစိုက်ပျိုးထားရှိမှုအခြေအနေအား မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းအချိန်က သွားရောက်အားပေးကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စိုက်ပျိုးရာတွင် တိရစ္ဆာန်အစာပင်များ မြက်မျိုးများဖြစ်သော နေပီယာ (Napier)၊ မူလက်တို( Mulato)၊ မွန်းဘားဆား (Mombaza Guinea Grass)နှင့် ရူဇီ(Ruzi Grass)မျိုးများကို တိရစ္ဆာန်အစာပင်များအဖြစ် သရုပ်ပြ စိုက်ပျိုးထားခြင်းကို မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်အားပေးကြည့်ရှုခဲ့သည်။ မက်မန်းမြို့နယ်တွင် သဘာဝလွတ်ကျောင်းစနစ်မှ စနစ်တကျခြံလှောင်မွေးမြူရေးစနစ်သို့ တိုးမြှင့်ကူးပြောင်းမွေးမြူရန်အတွက် ပညာပေးစည်းရုံးရန်နှင့် မြက်မျိုးများဖြန့်ဝေပေးရန် တိရစ္ဆာန်အစာပင်များ သရုပ်ပြစိုက်ပျိုးထားရှိခြင်းဖြစ်သည်။ မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် တိရစ္ဆာန်အစာပင်မြက်များကို စိုက်ပျိုး၍ကျွေးမွေးခြင်းဖြင့် တိရစ္ဆာန်များ အဟာရပြည့်ဝစွာရရှိစေပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းထံမှ သိရသည်။
စောဥမ္မာ
https://t.me/MyanmarNationalPost

No comments:
Post a Comment