တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာတော် ကျေးရွာငါးရွာအတွက် စက်ရေတွင်း ငါးတွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာတော် ကျေးရွာငါးရွာအတွက် စက်ရေတွင်း ငါးတွင်း တူးဖော်နိုင်ရေး အလှူငွေပေးအပ်



MNP ၊ မေ ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာတော် ချန်ကျန့်က မြန်မာနိုင်ငံရှိ ကျေးရွာငါးရွာတွင် စက်ရေတွင်းငါးတွင်းတူးဖော်နိုင်ရေး အလှူငွေပေးအပ်ပွဲကို မေ ၂၃ ရက်က နေပြည်တော် ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Mr. Liu Wei ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့ရှိ လင်ကွန်ကျောင်းတိုက်ဆရာတော်ချန်ကျန့်က မြန်မာနိုင်ငံရှိ ကျေးရွာငါးရွာအတွက် စက်ရေတွင်းရေကန်များ တူးဖော်ဆောက်လုပ်လှူဒါန်းလိုသည့် အကြောင်းရင်းကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Liu Wei က ရှင်းလင်းပြောကြားပြီး အလှူငွေများ ပေးအပ်လှူဒါန်းရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ လင်ကွန် ကျောင်းတိုက်ဆရာတော် ချန်ကျန့်က ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဘူးဘက်ကျေးရွာနှင့် ရွှေတွင်းတူးကျေးရွာ၊ မိုးညိုမြို့နယ် ရှစ်ကွက်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ပြရွာ၊ နတ်မောက်မြို့နယ် ကျွေးထူးကန်ကျေးရွာ စုစုပေါင်းတိုင်းဒေသကြီး နှစ်ခု၊ ကျေးရွာငါးရွာတွင် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်၊ ဆိုလာရေတင်စနစ် ဆောင်ရွက်ရန်အတွက် အလှူငွေများလှူဒါန်းမှုအတွက် မိမိတို့ ဝန်ကြီးဌာနသာမက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက်ပါ အလွန် မင်္ဂလာရှိသောနေ့ဖြစ်ပါကြောင်း၊ ဆရာတော်ပေးလှူသော စက်ရေတွင်းများသည် ကျေးရွာများအတွက် အမှန်တကယ်အကျိုးရှိထိရောက်ပါကြောင်း၊ ဆရာတော်၏လှူဒါန်းမှုဖြင့် အိမ်ခြေ ၁၀၅၀ ၊ လူဦးရေ ၄၀၅၃ ဦးကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သဖြင့် အထူးပင်ကျေးဇူးတင်ပါကြောင်း၊ လှူဒါန်းသည့် ရေတွင်းရေကန်များကို မြေပြင်တွင် အမှန်တကယ် အကျိုးရှိထိရောက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြီးစီးမှုကို မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့်အတူ မိမိတို့ဝန်ကြီးဌာနကလည်း နှစ်စဉ်သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များခန်းခြောက်လာပြီး သောက်သုံးရေလုံလောက်မှုမရှိသော ကျေးရွာများကျန်ရှိနေသေးသဖြင့် ထပ်မံလှူဒါန်းမည်ဆိုပါကလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ယခုလို စေတနာမေတ္တာတို့ဖြင့် ပေးအပ်လှူဒါန်းမှုအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)