နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအနေဖြင့်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြစေလို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအနေဖြင့်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြစေလို






MNP ၊ မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေး ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


တွေ့ဆုံပွဲတွင် ပေါက်တောမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပေါက်တောမြို့နယ်အား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေးကဏ္ဍများ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအမံများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က ရခိုင်ပြည်နယ်မုန်တိုင်းဒဏ်သင့်ဒေသများ၏ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးအနက်ထားပြီး ပြည်ထောင်စုအဆင့် အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နေမှု၊ လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ဖြန့်‌ခွဲနိုင်မည့် အခြေအနေ၊ ထူထောင်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရေးနှင့် မုန်တိုင်း အလွန်ကာလတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့်အနေအထားဖြစ်အောင် မျှော်မှန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားကြသည်။


ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ် ၁၈ မြို့နယ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်မှ အရာရှိကြီးများ တာဝန်ပေးစေလွှတ်ထားကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအတွက် အလေးအနက်ထားဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအနေဖြင့်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ပျက်စီးမှုအနည်း အများနှင့် ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်အတိုင်း ထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးပိုင်းနှင့်ပတ်သက်၍လည်း မုန်တိုင်း ဒဏ်သင့်ဒေသများသို့ အထူးကုဆရာဝန်ကြီးများဦးစီး၍ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့နှင့် အထူးကုဆေး အဖွဲ့များ‌စေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍသည်လည်း အရေးကြီးသည့်အတွက် ပြည်သူလူထုအဆင်ပြေချောမွေ့စွာ ဆက်သွယ်မှုရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ဝန်ထမ်းများက နေ့ညမပြတ် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထောက်ပံ့ရေးစ္စည်းများ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ဒေသများသို့ စနစ်တကျဖြန့်ခွဲ ပေးပို့နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲအပြီးအတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံပေးအပ်ပြီး ပေါက်တောမြို့၌ ကလေးအထူးကု၊ သမားတော်၊ သွားနှင့် ခံတွင်းအထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ သားဖွား မီးယပ်အထူးကု၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာလူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။


ယင်းနောက် ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် ပေါက်တောမြို့ ဘဝမ်းကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အမိုးသွပ်များကို ဆက်ကပ်လှူဒါန်းသည်။


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


အခမ်းအနားတွင် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ယနေ့အခမ်းအနားတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၂၅၆ သိန်း လက်ခံရရှိခဲ့ကြောင်း သိရသည်။


ညနေပိုင်းတွင် နေပြည်တော်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးစိုးကြည်တို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။


ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် စစ်တွေမြို့နယ် ကျက်တောပြင်ကျေးရွာရှိ ကျွဲ၊ နွား ၁၂၁ ကောင်ကို လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊နွား ၂၃ ကောင် နှင့် အင်အားချည့်နဲ့ ကျွဲ၊ နွား ၅၂ ကောင်ကို အားဆေးထိုးနှံခြင်း၊ အုန်းရေဖော်ကျေးရွာရှိ ကျွဲ၊ နွား အကောင် ၂၀ ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားလျက်ရှိသည့် ကျွဲ၊နွား ငါးကောင်နှင့် အင်အားချည့်နဲ့ ကျွဲ၊ နွား ခုနစ်ကောင်တို့ကို အားဆေးထိုးနှံခြင်း ဆောင်ရွက်ပေးခဲ့သည်။


ထို့ပြင် စစ်တွေတပ်နယ်အတွင်းရှိ နွား ၁၁၇ ကောင်ကို လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ နာမကျန်းဖြစ်ပွားလျက်ရှိသည့် နွားရှစ်ကောင်ကို ဆေးကုသပေးခြင်း၊ ဝက် ၁၂ ကောင်ကို ဝက်ပလိပ် ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ သံချဆေးနှင့် အားဆေးများထိုးနှံပေးခြင်းနှင့် နာမကျန်းဝက် တစ်ကောင်ကို ဆေးကုသပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ကုသမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)