ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ မိုခါမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးနှင့် ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ လူနာများနှင့် အဘိုး၊အဖွားများအား စားရေရိက္ခာများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကျောက်ဖြူမြို့ မိုခါမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးနှင့် ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ လူနာများနှင့် အဘိုး၊အဖွားများအား စားရေရိက္ခာများထောက်ပံ့ပေးအပ်






MNP ၊ မေ  ၂၄

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု ကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများအား သောက်သုံး‌ရေများဖြန့်ဝေပေးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရှိ ဂို‌‌‌ဒေါင်များနှင့် ဘိုးဘွားရိပ်သာတို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ လူနာများနှင့် အဘိုး၊အဖွား များအား စားရေရိက္ခာများထောက်ပံ့ပေးအပ်ပြီး အားပေးစကားများပြောကြားသည်။ 


ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် ကျောက်ဖြူမြို့၊ ရခိုင်ပိုက်ဆိပ်ရပ်ကွက်နှင့်  စေတီတောင် ရပ်ကွက်တို့မှ ဒေသခံပြည်သူများအား ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ ၁၆၀၀ ဆန့် ‌ရေသယ်ယာဉ်နှစ်စီး၊ တပ်မတော်မှ ရေဂါလံ ၂၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ရေဂါလံ ၁၀၀၀ ဆန့် ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သောက်သုံးရေများ ဖြန့်ဝေပေးနေမှုကို ကြည့်ရှု အားပေးကာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေး လမ်းညွှန်မှာကြားသည်။ 


ထို့နောက်  ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲလွင်မောင်က မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများနှင့် ပြန်လည်ပြင်ဆင်ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်သည့် မီးစက်ခေါင်မိုး အဆောက်အဦအား သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်း နောက် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေသည့် သူနာပြုဆရာ၊ဆရာမများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဆေးကုသမှုခံယူနေကြသော လူနာများအား တွေ့ဆုံအားပေးစကားပြောကြားပြီး အဟာရဖြည့် အစားအစာများအား ပေးအပ်ခဲ့သည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်  တာဝန်ရှိသူများသည်  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ ဂိုဒေါင်နေရာများသို့ သွားရောက်ကာ အိမ်ထောင်စု(၅၀၀)စာအတွက် ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ သွပ်များ၊ မိုးကာများ၊ တာပေါ်လင်စများ အစရှိသည့် ထောက်ပံ့ရေးပစ္စည်း များအား ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်း များ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ဂိုဒေါင်တွင် ပစ္စည်းတင်စင်အမြင့်များ ဆောင်ရွက်ထားရှိရေး လမ်းညွှန်မှာ ကြားပြီး လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ ရောက်ရှိကာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း ခေါင်မိုးခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အဆောက်အဦများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးတို့ကို လမ်းညွှန် မှာကြားခဲ့သည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့်  တာဝန်ရှိသူများသည်  ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ဘိုးဘွားရိပ်သာအဆောက်အဦများ ပျက်စီးမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ ရိပ်သာနေ ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့ထံသို့ စားရေရိက္ခာနှင့် အလှူငွေများ လှူဒါန်းခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး အကျိုးတော်ဆောင်အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ 


ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမသို့ရောက်ရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ မိုခါမုန်တိုင်းကြောင့် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ ပျက်စီးသွားသည့် အဆောက်အဦများကို စာရင်းကောက်ယူရေးနှင့် စာရင်းဇယားများတိကျမှန်ကန်စွာရရှိရေးတို့ကို ရှင်းလင်းပြောကြားရာ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအသီးသီး၏ ပျက်စီးမှုအခြေအနေများကို တင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)