နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သွားရောက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သွားရောက်စစ်ဆေး






MNP ၊ မေ  ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်ထားသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က စီမံကိန်း စတင်ဖြစ်ပေါ်လာပုံနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းကို အပိုင်းလိုက်ခွဲ၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် တံတားတည်ဆောက်ပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ စီမံကိန်းတွင် ခေတ်မီတံတားတည်ဆောက်ရေး နည်းပညာများနှင့် အတွေ့အကြုံကို ရရှိနိုင်မှု၊ စီမံကိန်းလုပ်ငန်းအဆင့်ဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းတွင် အသုံးပြုသည့် သံနှင့် သံမဏိပစ္စည်းများ ဆားငန်ရေဒဏ် ခံနိုင်စေရေးနှင့် စံချိန်စံညွှန်းကိုက်ညီစေရေး စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းအပိုင်းအလိုက် ဆောင်ရွက်၍ရသည့်လုပ်ငန်းများကို ကြိုတင်ပြီးစီးအောင် ဆောင်ရွက်ပြီး စီမံကိန်းတစ်ခုလုံး သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီမံကိန်းတည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။


အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်း တစ်ခုလုံး ပြီးစီးပါက သံလွင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်ပါသောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်သည့် တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိနိုင်ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာမည်ဖြစ်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိစေမည်ဖြစ်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်ဖောက်လုပ်မည့် မြန်မာ- ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားတည်ဆောက်ရေး စီမံကိန်းဖြစ်ပေါ်လာပုံနှင့် စီမံကိန်းပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ တံတား၏ အဓိကကျသည့် ရေလယ်တာဝါတိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ၌ အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့်


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ အားလုံး အသင့်ရရှိအောင်ဆောင်ရွက်ရန် လိုကြောင်း၊ တံတားတွဲဆက်ခြင်းလုပ်ငန်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ ယခုစီမံကိန်း ချဉ်းကပ်လမ်းဧရိယာသည် လူနေအိမ်များနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ငလျင်ဒဏ်ခံနိုင်ရေးကို စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန် အထူးအလေးထားဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်း လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ကြိုတင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်သွားရန်လိုကြောင်း၊ တံတားတည်ဆောက်မှု စီမံကိန်းကာလ ကြာမြင့်သည်နှင့်အမျှ လမ်းကြောင်းပိတ်ဆို့မှုများသည်လည်း ဖြစ်ပေါ်နေမည်ဖြစ်သဖြင့် သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာ- ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းတို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အင်ဂျင်နီယာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂါရဝပြုလက်ဆောင်များ ပြန်လည်ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားတည်ဆောက်ရေးစီမံကိန်းရှိ ရန်ကုန်ဘက်ခြမ်း Main Bridge Pylon 2 နေရာတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။


အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားစီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable - Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတား တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့ နယ်များ၊ ဒေးဒရဲတံတားမှတဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည် ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark) တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။



#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)