မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းကို လက်ခံရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းကို လက်ခံရရှိ



MNP ၊ မေ ၁၅

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်နိုင်ဦး၊ ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ကြောင့် ရခိုင်ပြည်နယ်အတွင်းထိခိုက်ပျက်ဆီးခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများနှင့် မုန်တိုင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အချို့ဒေသများမှ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် နိုင်ငံတော်မှဦးဆောင်၍ ဆောင်ရွက်သည့် ပြန်လည်ကယ်ဆယ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းများတွင် ယခုကဲ့သို့တစ်တပ်တစ်အား ပါဝင်လှူဒါန်းကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း။


သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ သို့သော် ကြိုတင်ပြင်ဆင်မှုများကောင်းမွန်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းများရှိပါက အတိုင်းအတာတစ်ခုအထိ အနည်းငယ်လျော့ကျသွားနိုင်သည်ကိုလည်း တွေ့ရကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၉ ရက်ခန့်ကတည်းက မုန်တိုင်းကျရောက်နိုင်ကြောင်း မိုးလေဝသသတင်းများအရ သိရှိခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းတို့ဖြစ်ကြောင်း၊ အဆိုပါမုန်တိုင်းနှစ်ခုဆုံမည်ဆိုပါက မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည်ကို တာဝန်ရှိသူများက မိမိထံလာရောက်တင်ပြခဲ့ကြောင်း၊ ထို့ကြောင့် အရေးပေါ်အစည်းအဝေးများကိုဆောင်ရွက်စေပြီး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်စေခဲ့ကြောင်း၊ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားနေသည့်မုန်တိုင်းမှာ အားနည်းပြီး ပျက်ပြယ်သွားသဖြင့် မိမိတို့နိုင်ငံအနေဖြင့် မုန်တိုင်းဒဏ်ထိခိုက်မှုကို လျော့နည်းစေခဲ့ကြောင်း။


မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တာဝန်ပေး၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း၊ မုန်တိုင်းသည် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်သည်ကို တာဝန်ရှိသူများက တင်ပြခဲ့သဖြင့် သိလျင်သိခြင်း သတိပေးချက်များကို ချက်ချင်းထုတ်ပြန်စေခဲ့ပြီး ပြောင်းရွှေ့မှုများနှင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်စေခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မုန်တိုင်းဒဏ်ကျရောက်ချိန်တွင် လူအများထိခိုက်သေဆုံးမှုကို များစွာရှောင်ရှားနိုင်ခဲ့ပြီး ယခုအချိန်အထိ သိရှိရသော သတင်းအချက်အလက်များအရ ၅ ဦးသာ သေဆုံးခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်မှုအနည်းဆုံးဖြင့် ပြင်းထန်သည့် မုန်တိုင်းဒဏ်ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း။


မုန်တိုင်းကြောင့် ထိခိုက်မှုများဖြစ်ပေါ်ပြီးချိန်တွင် စေတနာရှင် အလှူရှင်များက ပါဝင်လှူဒါန်းလိုကြောင်းသိရှိရခြင်းကြောင့် ယခုကဲ့သို့ လှူဒါန်းပွဲကိုကျင်းပ၍ အလှူငွေများကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ “တိုင်းပြည်၏အားသည် ပြည်တွင်း မှာသာ ရှိသည်” ဆိုသည့်အတိုင်း မိမိအနေဖြင့်ခံယူထားပြီး ယခုကဲ့သို့ တိုင်းပြည်အတွက် လိုအပ်ချိန်တွင် အားတတ်သရောပါဝင်လှူဒါန်းခြင်းများကြောင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ AHA Center မှတာဝန်ရှိသူများအနေဖြင့်လည်း အကူအညီများပေးအပ်နိုင်ရေး မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ အခြားနိုင်ငံများအနေဖြင့်လည်း အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းလာကြောင်း။


ယခုကဲ့သို့ မုန်တိုင်းဒဏ်သင့်ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို မည်သည့်တိုက်တွန်းမှုမှမပါဘဲ စေတနာအပြည့်ဖြင့် လာရောက်လှူဒါန်းကြခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်မှစ၍ အခက်အခဲ အကြပ်အတည်းများကြားမှ ကျော်ဖြတ်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါအခက်အခဲအကြပ်အတည်းများကို ကျော်ဖြတ် နေရချိန်တွင် ယခုကဲ့သို့လှူဒါန်းနိုင်ခြင်းမှာလည်း စီးပွားရေးလုပ်ငန်းများပြန်လည် ကောင်းမွန်လာပြီး နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း၊ အလှူရှင်များ၏ စိတ်စေတနာနှင့် စီးပွားရေးကောင်းမွန်လာသည့် အခြေအနေများကြောင့် လှူဒါန်းမှုများကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခက်အခဲအကြပ် အတည်းများကို ဖြတ်ကျော်ခဲ့ပြီး နိုင်ငံအတွက် လိုအပ်သည့်အချိန်တွင် “လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်” လှူဒါန်းမှုများကို မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုလှူဒါန်းမှုများကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် ဒေသများကိုပါ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း။"


ယခုကဲ့သို့ တိုင်းပြည်အနေဖြင့် အခက်အခဲကြုံတွေ့နေရချိန်တွင် စိတ်စေတနာ ထက်သန်စွာဖြင့် မည်သူ့၏တိုက်တွန်းမှုမှမပါဘဲ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းကြသူ အလှူရှင်များနှင့် အဝေးမှလှူဒါန်းသည့် အလှူရှင်များ၏ စိတ်စေတနာကို လေးစားတန်ဖိုးထားပါကြောင်း၊ ဝမ်းလည်းဝမ်းမြောက်ပါကြောင်း၊ “တိုင်းပြည်၏ အားသည်ပြည်တွင်းမှာ သာရှိသည်” ဆိုသည့်အတိုင်း မိမိတို့တိုင်းပြည်အတွက် ဆောင်ရွက်ချိန်တွင် အရေးကြီးမှသွေးစည်းသည်မဟုတ်ဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တိုင်းပြည်မှလိုအပ်လာချိန်တွင် ညီညီညွတ်ညွတ်ဖြင့်ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့တိုင်းပြည် သွားချင်သည့် လမ်းကြောင်းပေါ်တွင် သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့်ပြောကြားသည်။


ထို့နောက် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများကိုယ်စား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက အလှူငွေကျပ် သိန်း ၁၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူသည်။


ထို့နောက် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ဆက်လက်ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပြီး မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ သိန်းကို လက်ခံရရှိခဲ့သည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)