ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်၊ ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများပေးအပ်၊ ပျက်စီးဆုံးရှုံးသည့်နေရာများအားကြည့်ရှုစစ်ဆေး










MNP ၊ မေ ၁၆

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဒုတိယဝန်ကြီးများ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းတို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့သို့ရောက်ရှိလာကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေနှင့် စားရေးရိက္ခာပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံး သည့် နေရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်သို့သွားရောက်ပြီး မုန်တိုင်းဒဏ်ကြောင့် ခေါင်မိုးနှင့် မျက်နှာကျက်ပျက်စီးသွား သည့် သဇင်ဆောင်အဆောက်အဦအား သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး လမ်းညွှန်မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုအပေါ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ရောက်ရှိရာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က သဘာဝဘေးကြိုတင်စီမံဆောင်ရွက်ထားရှိမှုနှင့် သဘာဝဘေးကျရောက်ပြီးစီးမှုအခြေ အနေများအား တင်ပြဆွေးနွေးသည်။ ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ကျောက်ဖြူမြို့နှင့် ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မည်ဖြစ်သဖြင့် အလွန်ပင်စိုးရိမ်ခဲ့ရပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားမှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စီမံဆောင်ရွက် ထားရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးပြီး ပြည်သူများထိခိုက်မှုမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည့် မြို့နယ်များတွင် ပြန်လည်ထူရေးလုပ်ငန်းများကို လုပ်ဆောင်သည့်အခါ တွင်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး ကော်မတီများအနေဖြင့် မုန်တိုင်းဘေးကို ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အောင်မြင်စွာရင်ဆိုင်ကျော်ဖြတ်ခဲ့သောကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုနည်းပါးခဲ့သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်သည့်အခါတွင် ကျရာအခန်းကဏ္ဍ အလိုက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်လုပ်ဆောင်သွားစေလိုကြောင်း လမ်းညွှန်မှာကြားသည်။ ယင်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားရာ တက်ရောက်လာသည့် မြို့မိ/မြို့ဖများက ကျောက်ဖြူမြို့တွင် မိုးတွင်းကာလ၌ ရေမြောင်းပိတ်ဆို့မှု၊ ရေကြီးရေလျှံဖြစ်မှုများအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ်ပြန်လည် လမ်းညွှန်မှာ ကြားပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေကျပ် သိန်းနှစ်ရာနှင့် ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် အသုံးအဆောင်ပစ္စည်းများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်းတစ်ရာတို့အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည့် ကျောက်တစ်လုံး IDP အိမ်ရာစခန်းရှိ ခန်းမဆောင်၌ စခန်းကြီးကြပ်ရေးကော်မတီအဖွဲ့နှင့်တွေ့ဆုံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သည့် ထောက်ပံ့ငွေကျပ် သိန်းတစ်ရာအား ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်ကျောက်တစ်လုံး IDP အိမ်ရာစခန်းတစ်ပတ်လှည့်လည်ကြည့်ရှုပြီး ရဟတ်ယာဉ်ဖြင့် မင်းပြားမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)