မဲခေါင်-လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲခေါင်-လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့်အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပ


MNP ၊ မေ ၂၄

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “မဲခေါင်- လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက် မပြတ်သောရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် ဆွေးနွေးပွဲ”အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးသည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီများမှ အကြီးအကဲများက အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်စကားပြောကြားခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲကို မဲခေါင်-လန်ချန်း ဒေသတွင်း၌ အများပါဝင်အကျိုးခံစားနိုင်သော စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်ရင်းနှီးမြှုပ်နှံ မှုများကို မြှင့်တင်နိုင်ရေးအတွက် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများအနေဖြင့် ကာလတို၊ ကာလလတ်နှင့် ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများရေးဆွဲချမှတ်ရာတွင် အထောက်အကူပြုနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍမှ စွန့်ဦးတီထွင်လုပ်ငန်းများကလည်း ယင်းတို့၏ အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံနှင့် အကောင်းဆုံးအလေ့အကျင့်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။


ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတကာနှင့် ဒေသတွင်းမှ ကျွမ်းကျင်ပညာရှင်များ၊ မဲခေါင် - လန်ချန်းအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃ ဦး တို့က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးသည်။


ဆက်လက်၍ မဲခေါင် - လန်ချန်း အဖွဲ့ဝင်နိုင်ငံ များရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများမှ နိုင်ငံ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များကို လည်းကောင်း၊ ယင်းတို့ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အများပါဝင်အကျိုးခံစားနိုင်သော စီးပွားရေးလုပ်ငန်းပုံစံများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အလေ့အကျင့်ကောင်းများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အမြင်ချင်းဖလှယ်ဆွေးနွေး၍ အကြံပြုချက်များ ပံ့ပိုးပေးခဲ့သည်။


ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Mongkol Visitstump၊ အဆင့်မြင့်အရာရှိကြီးများနှင့်အရာထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှကိုယ်စားလှယ်များ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီများနှင့် သက်ဆိုင်ရာဌာနများမှကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို မေ ၂၅ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)