ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


MNP ၊ မေ ၂၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၂၂၊ ၂၃ ရက်နေ့က မကွေးတိုင်းဒေသကြီး မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်းအခြေအနေနှင့် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ ချောက်မြို့အနီးဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေစီးဆင်းမှုနှင့် အောက်ခံကျောက်သား တွေ့ရှိမှုတို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့က မင်းလှမြို့အနီးရှိ ဧရာဝတီမြစ်၏ ရေအရင်း အမြစ်နေရာနှင့် ယနေ့တွင် ချောက်မြို့အနီး ဧရာဝတီမြစ်၏ ရေအရင်းအမြစ်နေရာများသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးဌေးအောင်တို့က ဧရာဝတီမြစ်ဝှမ်း ဆိုင်ရာအချက်အလက်များ၊ မင်းလှမြို့နှင့် ချောက်မြို့အနီးရှိ ဧရာဝတီမြစ်၏ ရေလမ်းကြောင်းအခြေအနေ၊ ရေမျက်နှာပြင်အနိမ့်အမြင့် ကွာခြားချက်နှင့် ရေအတိမ်အနက်အခြေအနေ၊ ရေစီးနှုန်းနှင့် မြစ်ရေထုထည်စီးနှုန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြ ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇက်ရေယာဉ်များဖြင့် မင်းလှမြို့နှင့် ချောက်မြို့အနီးရှိ ဧရာဝတီမြစ်အတွင်း မြစ်ရေစီးဆင်းနေမှု၊ မြစ်ကြောင်းအတွင်း အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု၊ ရေကြောင်းသွားလာမှု၊ မြစ်ကမ်းပါး ဝဲ/ယာရှိ ဘူမိ ဗေဒအခြေအနေနှင့် သဲနုန်းပို့ချမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့အနီးရှိ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လက်ရှိရောက်ရှိနေသည့် ဓာတ်အားပေးစက်ကိုးလုံးအပြင် ထပ်မံရောက်ရှိရန်ကျန်ရှိသည့် ဓာတ်အားပေးစက်လေးလုံးနှင့် ထရန်စဖော်မာများကို သတ်မှတ်ကာလအတွင်း ရောက်ရှိနိုင်ရေးနှင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဓာတ်အားအပြည့်အဝ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ချိန်တည်းတစ်ပြိုင်တည်း လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် ဟန်ချက်ညီဆောင်ရွက်ရန်၊ အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး စီမံကိန်းလုပ်ငန်းခွင် အတွင်း Solar Panel များ တပ်ဆင်ရန်မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ Engine Foundation လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ သဘာဝဓာတ်ငွေ့ သုံးဓာတ်အားပေးအင်ဂျင်စက်ကြီးများ ရောက်ရှိနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။


အဆိုပါ ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီးရှိ မြေဧရိယာ ၅၉၈ ဧကပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ Solar ၁၂၂ မဂ္ဂါဝပ်နှင့် Gas Engine ၁၂၆ မဂ္ဂါဝပ် နှစ်မျိုး တပ်ဆင်ထားရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၃၁ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)