နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်သို့ တက်ရောက်


MNP ၊ မေ ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ဥက္ကဋ္ဌ H.E.Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဦးသာဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် “Consti-tution and Constitutional Supervision: Developing the Doctrine and Advancing the case – law” ခေါင်းစဉ်ဖြင့် ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာညီလာခံ ( International Conference ) နှင့် (၁၁) ကြိမ်မြောက် စိန့်ပီတာ စဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (11th St. Pete- rsburg International Legal Forum) တို့သို့ မေ ၁၁ ရက်မှ ၁၃ ရက်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံစိန့်ပီတာစဘတ်မြို့၌ တက်ရောက်ခဲ့သည်။


အပြည်ပြည်ဆိုင်ရာ ညီလာခံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက “မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ ရပ် ရှိခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုလူတန်းစားအစု အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် ၇၀၀ ကျော် တက်ရောက်ဆွေးနွေးသည့် အမျိုးသားညီလာခံကျင်းပ၍ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီလာခံမှ အခြေခံမူ ၁၀၄ ချက် ချမှတ်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (Referendum) ကျင်းပအတည်ပြုခဲ့သော အခြေခံဥပဒေဖြစ်ကြောင်း၊ ဤအခြေခံဥပဒေသည် ပါတီစုံဒီမိုကရေစီစနစ် နှင့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးပြီး နိုင်ငံသားတို့၏ အခွင့်အရေးကို အာမခံချက်ပေးထားကြောင်း၊ မဏ္ဍိုင်ကြီး ၃ ရပ် အပြန်အလှန် ထိန်းကျောင်းမှု ရှိကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၆ အရ မြန်မာနိုင်ငံ၌ ယခင်က မရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ခဲ့ကြောင်း၊ ခုံရုံးသည်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အမြင့်ဆုံးတရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးနှင့် အပြီးအပြတ်အတည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စီရင်ဆုံးဖြတ်ခဲ့သော အမှုများမှ ထူးခြားသောအမှု ၃ မှုကို ရွေးချယ်၍မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လွှမ်းမိုးသက်ရောက်မှု (Supremacy of Constitution) ရှိသည်ကိုတင်ပြပါကြောင်း ပြောကြားပြီး “Current Myanmar Constitutional Supervision and its Develo-pment” စာတမ်းကို ဆွေးနွေးပြောကြားသည်။


အပြည်ပြည်ဆိုင်ရာ ညီလာခံ သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌနှင့် တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ဖွံ့ဖြိုးတိုးတက်လာမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုနှင့ စပ်လျဉ်းသည့် အတွေ့အကြုံတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


(၁၁) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာဥပဒေ ရေးရာဖိုရမ်သို့ နိုင်ငံပေါင်း ၅၄ နိုင်ငံမှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားသူကြီးများနှင့် ဥပဒေပညာရှင်များ တက်ရောက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr. Vladimir-Putin က “ယနေ့ အချိန်တွင် တရားမဝင်ပိတ်ဆို့ ဒဏ်ခတ်ခြင်းများ၊ နိုင်ငံများ၏ သာတူညီမျှရှိမှုနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက် စွက်ဖက်ခြင်းများသည် အပြည်ပြည်ဆိုင်ရာဥပဒေများ၏ အခြေခံအုတ်မြစ်ကို အလွန်ထိခိုက်စေပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေရေးကို အစဉ်တိုးမြှင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသား အချုပ်အခြာအာဏာကို လေးစားမှုရှိခြင်းသည် ဒီမိုကရေစီနည်းလမ်းပိုမိုကျ၍ တရားမျှတမှုရှိသည့် multipolar world order ပေါ်ထွက် လာစေရေးအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည်ကို အခိုင်အမာယုံကြည်ပါကြောင်း” အချက်များပါသည့် သဝဏ်လွှာကို အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်သို့ ပေးပို့ခဲ့သည်။


ယင်းဖိုရမ်တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Mr. Dmitry Med-vedev ဦးဆောင်၍ အီဂျစ်နိုင်ငံ၊ အီရန်နိုင်ငံ၊ အင်ဒိုနီးရှား သမ္မတနိုင်ငံတို့မှ တရားရေးဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်မှ ကိုယ်စားလှယ်များ၊ ဥစဇဘတ်ကစ္စတန်နိုင်ငံ ဥပဒေပြုအဖွဲ့နှင့် ဆားဘီးယားနိုင်ငံ အပြည်ပြည် ဆိုင်ရာ ဥပဒေထိန်းသိမ်းရေးဌာနဥက္ကဋ္ဌတို့က “Sovereignty in law” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်တို့သို့နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အတူ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ဇင်တို့ တက်ရောက်ခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)