MNP ၊ မေ ၂၇
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားရာ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် စီမံကိန်းများဖျက်သိမ်းခြင်း၊ ဆိုင်းငံခြင်းများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ နှောင့်နှေးမှုများများစွာကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက် ၃ မျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားနိုင်ရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံခြားငွေလိုအပ်မှုသည် သွင်းကုန်ပမာဏများပြားနေခြင်းလည်း ပါဝင်ကြောင်း၊ သွင်းကုန်ပမာဏများပြားခြင်းသည် လိုအပ်ချက်အရသွင်းရသည်များရှိသကဲ့သို့ ပြည်တွင်း ၌ ထုတ်လုပ်နိုင်သော်လည်း တင်သွင်းနေရမှုများမှာ မဖြစ်သင့်ပါကြောင်း၊ အထူးသဖြင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပါကြောင်း၊ အလားတူ ပြည်ပသို့ တင်ပို့ နိုင်သည့် ရောင်းတန်းဝင်ပစ္စည်းများရှိသော်လည်း ကုန်ထုတ်လုပ်မှု အားနည်းချက်ကြောင့် ပို့ကုန်ပမာဏနည်းပါးမှုများသည်လည်း မဖြစ်သင့်ပါကြောင်း၊ MSME ကိုအားပေးရခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေး ကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သေချာသည့်ကုန်ကြမ်းများကို အသုံးပြုသည့် MSME လုပ်ငန်းများကို အဓိကအားပေး ဆောင်ရွက်ရန်လိုအပ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဥပမာအားဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပလောပီနံကိုအခြေခံသည့် ထုတ်လုပ်မှု၊ ရာဘာကိုအခြေခံသည့် ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီ နှင့်လက်ဖက်ကိုအခြေခံသည့် ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့် ထုတ်လုပ်မှု၊ မွေးမြူရေး အသား၊ ငါး ကိုအခြေခံသည့် ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်းများသည် မိမိတို့နိုင်ငံအတွက် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အလားတူများစွာသောကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်များရှိသကဲ့သို့ ဒေသအလိုက်ထူးခြားသည့် လုပ်ငန်းများလည်း ရှိနေမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများဖြစ်ပေါ်စေခြေင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်လာပြီး တိုင်းပြည်၏ ဝင်ငွေတိုးတက်လာစေခြင်းများကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း။
ပို့ကုန်များများရမှသာ သွင်းကုန်များဖြစ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ ပိုမိုတင်သွင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ မိမိသွားရောက်ခဲ့သည့် ဒေသများမှ လျှပ်စစ်လို အပ်ချက်များကိုတင်ပြခြင်းများရှိပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက်ဆက်၌ စီမံကိန်းများရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် စီမံကိန်းများဖျက်သိမ်းခြင်း၊ ဆိုင်းငံခြင်းများကြောင့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုများ နှောင့်နှေးမှုများများစွာကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက် ၃ မျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားနိုင်ရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း။
အစည်းအဝေးတွင် တင်ပြချက်များအရ အားသာချက်နှင့် အားနည်းချက်များကို တွေ့ရှိပါကြောင်း၊ အဆိုပါအချက်များကိုကြည့်၍ အချို့သောကိစ္စရပ်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ရန် အကြံဉာဏ်ပေးခဲ့သော်လည်း အချို့သောကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန်လိုအပ်နေသေးကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို လုပ်ပိုင်ခွင့်များခွဲဝေ ပေးထားပါကြောင်း၊ ဇယား(၁/၂/၃) အရလုပ်ပိုင်ခွင့်များအားလုံးပေးထားကြောင်း၊ ပြည်ထောင်စုအနေဖြင့် ပြည်နယ်နှင်တိုင်းဒေသကြီးများအားလုံး တစ်ပြေးညီရရှိအောင် ဆောင်ရွက်ပေးထားပါကြောင်း၊ တစ်ဖက်မှလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ အနေဖြင့် မိမိဒေသနှင့်ကိုက်ညီသည်များကိုဆောင်ရွက်၍ ဒေသစီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဒေသအလိုက် ရေမြေသဘာဝများ မတူညီသကဲ့သို့ ထွက်ရှိသည့် ကုန်ကြမ်းများလည်း မတူညီပါကြောင်း၊ ဒေသအလိုက် ကုန်ကြမ်းများကိုအသုံးပြု၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာအစိုးရအဖွဲ့များက ဆုံးဖြတ်ဆောင်ရွက်သွားရန်လိုကြောင်း။
လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း များကိုဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ဆက်လက်လုပ်ဆောင် ရမည့်လုပ်ငန်းများရှိပါကြောင်း၊ သို့ဖြစ်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
#MyanmarNationalPost
No comments:
Post a Comment