နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအားလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအားလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန် စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား


MNP ၊ မေ ၂၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၄၀၀ ဘီလီယံမှ ပထမဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ကျပ် ဘီလီယံ ၂၃၀ ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်း ရန်ပုံငွေကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။

ဒုတိယအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏ လက်ကျန်ငွေကျပ် ဘီလီယံ ၇၀ မှ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေ ထူထောင်နိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၅၀နှင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်ဘီလီယံ ၂၀ တို့ကိုခွင့်ပြုခဲ့ပါကြောင်း၊ တတိယအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေလက်ကျန်ငွေမှ ငွေကျပ် ၅၂ ဘီလီယံကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသို့လွှဲပြောင်းရယူ၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ ငွေကျပ် ၈ ဘီလီယံစီပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဖြန့်ခွဲထုတ်ပေးထားမှုမှာ စုစုပေါင်း ငွေကျပ် ၄၅၂ ဘီလီယံဖြစ်ပါကြောင်း။

တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တစ်ဦးချင်းအတွက် အများဆုံးထုတ်ချေးရမည့် ချေးငွေပမာဏထက်ကျော်လွန်၍ ထုတ်ချေးထားသောချေးငွေများအပေါ် လုံလောက်သော အာမခံရယူထားရေး၊ ချေးငွေသက်တမ်းကာလအတွင်း အရင်း/အတိုး ပုံမှန်ပြန်လည်ပေးဆပ်စေရေးနှင့် ချေးငွေသက်တမ်းမစေ့ရောက်သော်လည်း စတင်ချေးယူခဲ့သည့်ရက်မှစ၍ တစ်နှစ်ပြည့်ပါက အရင်း/အတိုး ပြေကျေစွာပြန်လည်ပေးဆပ်စေရေးဆောင်ရွက်ရန်နှင့် ချေးငွေ ပေးဆပ်ပြီးပါက ချေးငွေပမာဏသတ်မှတ်ချက်အတွင်းမှသာ ထုတ်ချေးသွားရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသခြောက်ခုတို့သို့ သွားရောက် စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့သို့လည်း Virtual Meeting ပြုလုပ်ကာ စစ်ဆေးမည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် မွန်ပြည်နယ်မှတင်ပြသည့် အထူးချေးငွေထုတ်ချေးပေးနိုင်ရေးကိစ္စနှင့် ချင်းပြည်နယ်မှ တင်ပြသည့်ချေးငွေသက်တမ်းတိုးမြှင့်ပေးနိုင်ရေးကိစ္စတို့အပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးကြစေလိုကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဓိကသုံးစွဲစေလိုခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအားလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားတိုးမြင့်လာရေးကို ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲတိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးညွန့်အောင်နှင့် ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တွေ့ရှိချက်၊ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)