မြန်မာနိုင်ငံရှိမီဒီယာများ၏အခြေအနေ၊ သတင်းတု/သတင်းမှားများ၏အန္တရာယ်နှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ အာရှမီဒီယာထိပ်သီးညီလာခံ တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံရှိမီဒီယာများ၏အခြေအနေ၊ သတင်းတု/သတင်းမှားများ၏အန္တရာယ်နှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ အာရှမီဒီယာထိပ်သီးညီလာခံ တွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရှင်းလင်းပြောကြား



ဘာလီ မေ ၂၅

(၁၈)ကြိမ်မြောက် အာရှမီဒီယာထိပ်သီး ညီလာခံ (18th Asia Media Summit) ဒုတိယနေ့အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)ရှိ Grand Hyatt Hotel မှ Ballroom ၌ ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ပြီး ပါဝင်ဆွေးနွေးကြသည်။


(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံကို “စီးပွားရေးရေရှည်တည်တံ့ခိုင်မြဲမှုကို ပံ့ပိုးမြှင့်တင်ပေးသည့်မီဒီယာ” (Media Enhancing Economic Sustainability) ခေါင်းစဉ်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများဖြစ်သော မီဒီယာဂေဟစနစ် ရေရှည်တည်တံ့ခိုင်မြဲ စေရေး ဖန်တီးပုံဖော်ခြင်း (Creating a Sustainable Media Ecosystem)၊ ကမ္ဘာ့စီးပွားရေးပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းမှုများကို အားဖြည့်မြှင့်တင်ပေးလျက်ရှိသည့် မီဒီယာ (Media Amplifying Global Economic Recovery Efforts)၊ လူငယ်အထူးအစီအစဉ်ဖြစ်သည့် သက်ဝင်လှုပ်ရှားလာသည့် မီဒီယာ (Youth Spe-cial Session : Getting Media Active)၊ A.I နည်းပညာနှင့် မီဒီယာ၏အနာဂတ် (Talking about A.I - Future of Media) နှင့် ဆက်လက်ဆောင်ရွက်ရန်အကြံပြုချက်များ (CEO Table Talk - The Next Step Forward) စသည့် ခေါင်းစဉ်များဖြင့်ကျင်းပရာ ကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာန(TVRI)နှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း ရိုက်ကူးရေးဆောင်ရွက်မှုတွင် မြန်မာနိုင်ငံရှိမီဒီယာများ၏အခြေအနေ၊ သတင်းတု/သတင်းမှားများ၏အန္တရာယ်နှင့် နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဖြေကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ကကျင်းပခဲ့သည့် ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲတွင် အဆိုပြုဆွေးနွေးခဲ့မှုရလဒ်ဖြစ်သော လူမှုကွန်ရက်မီဒီယာများတွင် သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေးအတွက် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် (Bali Declaration 2023) ထုတ်ပြန်နိုင်ရေးဝန်ကြီးများအဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး ဒေသတွင်းနိုင်ငံအစိုးရများနှင့် ရုပ်သံလွှင့်အဖွဲ့အစည်းများအကြား လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အကြံပြုချက်များ၊ လူမှုကွန်ရက်မီဒီယာကို တာဝန်သိစွာအသုံးပြုလာနိုင်စေရေး ဆောင်ရွက်နိုင်မည့်အချက်များနှင့် လူမှုကွန်ရက်မီဒီယာ တည်ထောင်သူများဘက်မှ တာဝန်ယူမှု/ တာဝန်ခံမှုရှိစေရေး၊ ဒေသတွင်းအဆင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများကို တက်ရောက်လာသည့်နိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာဝန်ကြီးများ၊ ရုပ်သံလွှင့်အဖွဲ့အစည်း အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AIBD အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။


ညနေပိုင်းတွင် (၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံပိတ်ပွဲ အခမ်းအနားကို ကျင်းပရာ ၂၀၂၃ ခုနှစ် အာရှ မီဒီယာထိပ်သီးညီလာခံ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးဆုံးဖြတ်ချက်များအား တာဝန်ရှိသူများက ဖတ်ကြားတင်ပြကြပြီး လူမှုကွန်ရက်မီဒီယာများတွင် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေးဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် (Bali Dec-laration 2023) ကို ညီလာခံတက်ရောက်သော ပြန်ကြားရေးကဏ္ဍဆိုင်ရာအကြီးအကဲများ၏ စုပေါင်းသဘောတူထုတ်ပြန်ချက်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုကြောင်း ထုတ်ပြန်ကြေညာသည်။ 


ဆက်လက်၍ အစည်းအဝေးတက် ရောက်သည့်နိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် ရုပ်သံလွှင့် အဖွဲ့အစည်းအကြီးအကဲများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီးအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးတက်ရောက်လာကြသည့် ဝန်ကြီးများ၊ AIBD, ASEAN, TVRI တို့မှ အကြီးအကဲများ အား အမှတ်တရ လက်ဆောင်များပေးအပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံတွင် ကန့်ကွက်သူမရှိ အတည်ပြုထုတ်ပြန်နိုင်ခဲ့သည့် လူမှု ကွန်ရက်မီဒီယာများတွင် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်(Bali Declaration 2023)တွင် လူမှုကွန်ရက်မီဒီယာအသုံးပြု၍ သတင်းတု၊ သတင်းမှားနှင့်ပုံဖျက်ထားသည့်လုပ်ကြံသတင်းများ၏ အန္တရာယ်နှင့်စိန်ခေါ်မှုများအား အာရှ-ပစိဖိတ်ရုပ်သံလွှင့်အဖွဲ့အစည်း (AIBD)နှင့်အတူ လက်တွဲ၍ ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များဖြစ်သည့် လူမှုကွန်ရက်မီဒီယာများကို တာဝန်သိစိတ်ဖြင့် အသုံးပြုလာနိုင်စေရေးအလေးအနက်ထား ပူးပေါင်းဆောင်ရွက်ရန်၊ လူမှုကွန်ရက် မီဒီယာတည်ထောင်သူများနှင့် အကျိုးသက်ဆိုင်သူ Stakeholders များဘက်က သတင်းတု၊ သတင်းမှား၊ ပုံဖျက်သတင်းများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဒေသတွင်းအဆင့်တွန်းအားပေး ပူးပေါင်းဆောင်ရွက်ရန်နှင့် လူမှုကွန်ရက်မီဒီယာတည်ထောင်သူများနှင့် အကျိုးသက်ဆိုင်သူ Stake-holders များအနေဖြင့် သတင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချိုးဖောက်ဟန့်တားရာရောက်သည့် သတင်းတစ်ဖက်သတ်ဖော်ပြမှုကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ထိန်းကျောင်းနိုင်ရေးအပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန် စသည့်အချက်များ အဓိကပါဝင်ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)