ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းမြေပဲစိုက်ခင်း ၂၉၃၈ ဧက ရာနှုန်းပြည့် နှုတ်သိမ်းခြွေလှေ့ ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ ဆောင်းမြေပဲစိုက်ခင်း ၂၉၃၈ ဧက ရာနှုန်းပြည့် နှုတ်သိမ်းခြွေလှေ့ ပြီးစီး


MNP ၊ မေ  ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ဆောင်းသီးနှံစိုက်ပျိုးရာသီက ကြိုးပမ်းစိုက်ပျိုးခဲ့သည့် ဆောင်းမြေပဲစိုက်ခင်း ၂၉၃၈ ဧက ရာနှုန်းပြည့် နှုတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ သိရသည်။


"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်၊ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန်နဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်းမြေပဲစိုက်ခင်း ၄၃၅ ဧက လျာထား စိုက်ပျိုးခဲ့ပြီး မြေပြင်စိုက်ဧက ၂၉၃၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက်ကြောင့် မြေပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧက မြေပဲတောင့်တင်းရေ ၄၉ ဒသမ  ၆၅ တင်းခန့် ထွက်ရှိပါတယ်။ ‌ဒေသခံတောင်သူတွေက ဆောင်းမြေပဲစိုက်ခင်းတွေကို နွေစပါး၊ နွေနှမ်းနဲ့ အခြား နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေး ဖေဖော်ဝါရီလ ပထမပတ်လောက်ကစပြီး နှုတ်သိမ်းခြွေလှေ့ခဲ့ကြလို့ မတ်လကုန်မှာ ရာနှုန်းပြည့် နှုတ်သိမ်းခြွေလှေ့ပြီးစီးခဲ့ပါတယ်။ ဒီနှစ်မှာ တောင်သူတွေ အားထားစိုက်ပျိုးခဲ့တဲ့ ဆောင်းမြေပဲစိုက်ခင်းတွေဟာ အထွက်နှုန်းကောင်းမွန်တဲ့အပြင် ရောင်းချရာတွင်လဲ မြေပဲတောင့်တစ်တင်းကို ငွေကျပ် ၃၅၀၀၀ နှုန်း၊ မြေပဲဆန်တစ်တင်းကို ငွေကျပ် ၁၁၅၂၀၀ ဈေးနဲ့ ရောင်းချရလို့ ဈေးကောင်းရရှိပြီး ဒေသတွင်းရှိ ဆောင်းမြေပဲစိုက်ပျိုးတောင်သူတွေ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိလို့ လုပ်ငန်းအဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီကာလတွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ဈေးကောင်းရရှိသည့်  မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေပေါကြွယ်ဝမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ယခုနှစ်တွင် ဆောင်းမြေပဲ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး မြေပဲအထွက်နှုန်းများ ကောင်းမွန်ကာ ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေကြကြောင်း သိရသည်။  


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment