ရက်ပိုင်းအတွင်းက ဖျာပုံမြို့ပေါ်မှာ ရွှေဆိုင်ကို ဝင်ရောက်လုယက်တဲ့ အကြမ်းဖက်သမားတွေကို ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်း ဖမ်းဆီးလိုက်နိုင်တာကို တွေ့ကြရပါလိမ့်မယ်။ ယခင်ကတော့ ဖျာပုံမြို့က သတင်းတွေနဲ့ ပတ်သက်လို့ ဆက်သွယ် ပေးပို့ကြသူတွေ ရှိပါတယ်။ နောက်ပိုင်းကြတော့ ဘာကြောင့်ရယ် မသိပါဘူး။ မဆက်သွယ်၊ မပေးပို့ကြတော့ပါဘူး။
တချို့ကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အမြင်မတော်တဲ့ ဆောင်ရွက်ချက်တွေအပေါ် အားမလို အားမရ ပြောကြတာတွေ ရှိတယ်။ ကိုယ့်အနေနဲ့ မသေချာ မရေရာဘဲ ရေးလို့မရသလို အာဏာရှိသူတွေ မဟုတ်တာ လုပ်နေလို့ လုပ်နေပါတယ်လို့ ပြောမယ်ဆိုရင်တောင် သက်သေအခိုင်အလုံ ပြဖို့က လိုပြန်ရော။ တချို့ ဒေသခံတွေ ဆက်သွယ်ပေးပို့တိုင်း ဖော်ပြလို့ မရတာတွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ သတင်းတွေ မပို့ကြတော့တာလို့ ထင်ပါတယ်။
ရွှေဆိုင်ကို ဝင်ရောက်လုယက်တဲ့ CCTV မှတ်တမ်း ထွက်ပေါ်လာတော့မှပဲ ပြည်သူတွေရဲ့ မသိစိတ်၊ မဟုတ်တာကို လက်မခံတဲ့ စိတ် ပေါ်လွင်လာတာကို တွေ့လိုက်ရတာဗျ။
အကြမ်းဖက်သမားရဲ့ လက်ထဲမှာ သေနတ်ပါတယ်။ ပစ်သွားရင် သေနိုင်တယ်။ ငါ့ကိုသာ ပစ်သွားရင်လို့ မတွေးဘဲ အနီးအနားမှာရှိတဲ့ လက်နက်အဖြစ် အသုံးပြုလို့ရမယ့်ဟာကို စွဲကိုင်လာပြီး ညာသံပေး ဝိုင်းလိုက်ကြတာ။ ဒါတောင် တစ်ယောက် လွတ်မြောက်သွားတယ်လို့ သိရတယ်။
ဒီမြင်ကွင်းကို မြင်ရတော့ ကျွန်တော်တို့ မူလတန်းအရွယ်က ရွာကို သူခိုးကပ်တဲ့ ဖြစ်စဉ်ကို အမှတ်ရမိတယ်။ တော်တော်လေးလည်း ပုံသဏ္ဍာတူတယ်။ အဲဒီအချိန်က စပါးပေါ်ချိန်၊ တလင်းထဲမှာ စပါးတွေ ပုံထားကြတဲ့ အချိန် အဖြစ်ပါတယ်။ ပွင့်လင်းရာသီ ဖြစ်တဲ့အတွက်ကြောင့် ပွဲလမ်းသဘင်တွေလည်း ရှိတယ်။ ကျွန်တော်တို့ ရွာနဲ့ ရွာချင်းကပ်ရပ် စခန်းကြီးရွာမှာ ပွဲရှိတော့ ရွာထဲက လူအတော်များများ ပွဲသွားကြတယ်။ လူကြီးပိုင်းတွေပဲ ရှိကြတယ်။
တလင်းထဲ စပါးပုံတွေ ရှိနေတော့ ပွဲကို ရွာလုံးကျွတ် မသွားကြတာက ကံကောင်းသွားတယ်ဆိုရမှာပေါ့။
ရွာနောက်ပိုင်းက ကျွန်တော်တို့ ဘကြီးဝမ်းကွဲရဲ့ တလင်းက ရွာနဲ့ သိပ်မဝေးလှဘူး။ ရိုးချောင်းလေးရဲ့ တစ်ဖက်မှာ ရှိတယ်။ ရွာအရှေ့ပိုင်းက အဖွဲ့ဝင်(၁) ရဲ့ တလင်းကလည်း ရွာနဲ့ ခပ်လှမ်းလှမ်းမှာ။
ည ၁၀နာရီခွဲလောက် ရောက်တော့ ကျွန်တော်တို့ ဘကြီးက တလင်းကို သွားကြည့်တယ်။ ပုံမှန်ဆိုရင်တော့ လယ်စောင့်တဲမှာ ၂ယောက် ရှိတယ်။ ဒီညတော့ ပွဲသွားကြည့်ကြလို့ ဘကြီးက အစောင့်ကျနေတဲ့ သဘောပေါ့။ ရွာနောက်ကျော ဘကြီးတို့အိမ်ရဲ့ ကပ်ရပ်မှာ ကန်ဘောင်ရှိတယ်။ ကန်ဘောင်ထောင့်မှာ ပိတောက်ပင်ရှိတယ်။ ကန်ဘောင်ပေါ်ကနေ တလင်းထဲကို လှမ်းကြည့်လိုက်ရင် အတိုင်းသား မြင်ရတယ်။ ဘကြီးက ကန်ဘောင်ထောင့် ပိတောက်ပင်နား ရောက်တော့ ခေတ္တမှောင်ရိပ်ခိုပြီး တလင်းထဲကို လှမ်းရှိုးလိုက်တယ်။ လူနှစ်ယောက် စပါးကြုံးနေတာကို မြင်ရတယ်။ ရှေ့ဆက်မသွားဘဲ အိမ်ပြန်ပြီး လှန်ကို ယူတယ်။ ကျွန်တော့်ဘကြီးက ခရာတေးတွေ ဘာတွေလည်း ရတယ်။ သုံးယောက်၊ လေးယောက် အသာလေး မှောက်အောင် ချနိုင်တယ်။ အခုလို စပါးပေါ်ချိန်ဆို သူကောင်းကောင်း ခရာတေးလေ့ကျင့်တာပေါ့။
အိမ်ကို လှန်ပြန်ယူရင်းနဲ့ တလင်းကို သူခိုးကပ်တယ်ဆိုတာကို ပြောပြခဲ့တယ်။ ထို့အတူပဲ ရွာအရှေ့ပိုင်းက အဖွဲ့ဝင်(၁) ကလည်း တလင်းကို သွားကြည့်တော့ သူခိုးက လှေဦးထိုးပြီး စပါးတွေ ကြုံးတင်ဖို့ လုပ်နေတာကို တွေ့ရတယ်။ အဲဒီအချိန်မှာ အဖွဲ့ဝင်(၁)ကလည်း သူခိုးကပ်တယ်ဆိုပြီး ရွာထဲက လူတွေကြားအောင် အော်၊ ကျွန်တော့် ဘကြီးကလည်း အော်၊ ရွာထဲမှာ လူငယ်တွေ က မရှိ။ ရှိတဲ့ လူကြီးတွေ ဓားတွေ၊ တုတ်တွေ ဆွဲပြီး ထွက်လိုက်ကြပါလေရော။
သူခိုးတွေလည်း ခြေဦးနဲ့ ဒူးတည့်ရာ ပြေးကြပါလေရော။ ဘယ်အလွတ်ပေးလိမ့်မလဲ။ ကျွန်တော်တို့ ရွာက လူတွေကလည်း ဇွဲနပဲနဲ့ လိုက်တယ်။ ဘကြီးရဲ့ တလင်းထဲမှာ စပါးဝင်ကြုံးတဲ့ သူခိုးက လယ်ထဲဖြတ်ဖေါက်ထားတဲ့ ရိုးလေးက နွေရာသီ ခြောက်နေတော့ ရိုးချောင်းထဲ ခုန်ချပြီး ပုန်းနေလေရဲ့။ ကျွန်တော့်ဘကြီးကလည်း မျက်ခြေမပြတ်လိုက်လာတဲ့သူဆိုတော့ ဘာရမလဲ။ လှန်နဲ့ အပိုင်ထောက်ပြီးမှ မင်းမလှုပ်နဲ့ အသေသတ်ပစ်လိုက်မယ်ဆိုပြီး ဖမ်းခဲ့တယ်။ အဖွဲ့ဝင်(၁)ရဲ့ တလင်းကို ဝင်ကပ်တဲ့သူခိုးတွေလည်း ဝိုင်းဖမ်းတာ မိတာပဲ။ သူခိုး (၃)ယောက် တစ်ဖွဲ့တည်းလာကြတယ်။ စပါး (၅၀)ဆန့် လှေတစ်စီးနဲ့။ အပိုင်ခိုးဖို့ ကြံစည်လာကြသူတွေပေါ့။
အဖွဲ့ဝင်တစ်ရဲ့ အိမ်ရှေ့မှာ ရွာသားတွေ ဝိုင်းပြီး ပညာပေးလိုက်ကြတယ်။ ညတုန်းက ဘယ်သူ ဘယ်ဝါ မသဲကွဲဘူး။ မနက်ကြတော့ ရဲတွေလည်း သွားခေါ်၊ သူခိုးတွေရဲ့ မိန်းမတွေလည်း ရောက်လာတယ်။ ရွာနဲ့ မလှမ်းမကမ်း ၄ရွာကျော်လောက်က မျက်နှာသိတွေ ဖြစ်နေတယ်။ ဖဲရှုံးပြီး စပါးထွက်ခိုးကြတာ။ သူခိုးတွေရဲ့ မိန်းမတွေက ရွာသားတွေကို တောင်းပန်လို့ အမှုဘာညာ မလုပ်ဘဲ လွှတ်ပေးလိုက်ကြပါတယ်။
နောက်တစ်ခါ အလားတူပဲ ရွာနောက်ပိုင်းမှာ သူခိုးကပ်ပြန်ရော။ အဲဒီညက ရွာအရှေ့ပိုင်းမှာ ကလေးကင်ပွန်းတပ် လော်ကြီးနဲ့ သီချင်းတွေ ဆိုပြီး လူငယ်တွေ ပျော်နေကြတာ။ ရွာနောက်ပိုင်းက လာတဲ့သတင်းက ရွာကို သူခိုးကပ်တယ်လည်း ဆိုရော ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်က ပျက်သွားပြီး လူငယ်တွေ အဲဒီနောက် ထိုးလိုက်သွားကြရော။ ရွာသားတွေ ညာသံပေးပြီး လိုက်ကြတာ မိပြန်တာပဲ။
အဲဒီတုန်းကတော့ ဟာသ ရွာနောက်ပိုင်းက ဦလေးကြီးတစ်ယောက်က သူ့လယ်ထဲကို သွားဖို့ မသင်္ကာဖွယ်ရာ လူကို တွေ့ရတာနဲ့ အိမ်ပြန်လာပြီး သူ့မိန်းမဆီ လှန်တောင်းတာ၊ "မိန်းမ လှန်ပေးစမ်း" သူ့အမျိုးသမီးက တော်ကလည်း တော်ပေါ့။ "မဟုတ်ဘူး ဟိုမှာ သူခိုးလား၊ ဘာလား လိုက်ရအောင် ထိုးတဲ့ လှန်တောင်းတာ" သူခိုးမိပြီးမှ ဟာသ ပြောကြတာပေါ့။
အဲဒီသူခိုးတုန်းက တခြားက မဟုတ်ဘူး။ ကျွန်တော်တို့ ရွာချင်းကပ်ရပ်ရွာက ခဲအိုဖြစ်သူ က ခယ်မကို အလိုမတူ ခိုးပြေးလာတာ။ ကောင်မလေးက ကြောက်ကြောက်နဲ့ လိုက်လာရတာ။ ခိုးပြေးတဲ့ကောင် အနေနဲ့လည်း ကျွန်တော်တို့ ရွာဘက်ကို ခိုးပြေးလာမိတာ မှားလေခြင်းပဲ။ ကျွန်တော်တို့ ရွာရောက်တော့ အဖမ်းခံရပြီး မိဘတွေ လက်ထဲ ပြန်အပ်ပေးလိုက်တယ်ပေါ့ဗျာ။
ကျွန်တော်တို့ အရပ်ဒေသမှာတော့ အဲဒီလို သူခိုးလိုက်ခြင်း အနုပညာဆိုတာ ရှိတယ်။ ဖျာပုံမှာ ရွှေဆိုင်ဝင်ဓားပြတိုက်တဲ့ သူခိုးကို ဖမ်းသလိုပဲ ဗျို့ဟစ်ရင် လူညီတယ်။ ငါနဲ့ မဆိုင်ဘူး။ ငါ့ကို တခုခု လုပ်သွားရင် ဘယ်လိုလုပ်မလဲဆိုတာမျိုး မရှိဘူး။ အဲဒါက အထွေအထူး ညီညွတ်ကြပါလို့ ပြောဖို့မလိုဘဲ တာဝန်သိစိတ်နဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ပြယုဂ်ပါပဲ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment