ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မိုးမောက်မြို့နယ်များအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ထူထောင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဗန်းမော်ခရိုင် မနောကွင်းအဝင်မုခ်ဦး ပန္နက်ရိုက်တင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မိုးမောက်မြို့နယ်များအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ နေရပ်ပြန်ပြည်သူများ ပြန်လည်ထူထောင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဗန်းမော်ခရိုင် မနောကွင်းအဝင်မုခ်ဦး ပန္နက်ရိုက်တင်ပေး















MNP ၊ မေ ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထားပေးသည့် နေရပ်စွန့်ခွာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် တာဝန်ရှိသူများနှင့် အတူ မေ ၂၅ ရက်တွင် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နံနက်(၈)နာရီတွင် ဗန်းမော်မြို့မှ မိုးမောက်မြို့ ကြေးနန်းရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၄၀၀ ဖြင့် တောင်သူ ၃၁ ဦးတို့၏ စိုက်ဧက ၂၀၀ အတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)မျိုးစေ့ကြဲပက်ပွဲအခမ်းအနားသို့တက်ရောက် ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ပေးခဲ့မှုအခြေအနေများ၊ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) မျိုးစေ့များနှင့် အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့များဖြန့်ဝေပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဒေသခံတောင်သူများထံ ဆင်းဧကရီ-၃ မျိုးသန့်မျိုးပွားမျိုးစေ့ အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူများနှင့်အတူ လယ်စိုက်ခင်းအတွင်း တောင်သူများ၏ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြ ဇာ) မျိုးစေ့များစုပေါင်းကြဲပက်ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် မိုးမောက်မြို့နယ်တရားရုံးသို့ သွားရောက်ပြီး မြို့နယ်တရားသူကြီး၊ တရားရေး ဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့ကြပြီး မြို့နယ်တရားသူကြီးနှင့် ဝန်ထမ်းများအတွက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးမောက်မြို့နယ် ပီမိုးညှင်းကျေးရွာ၌ မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား ပြောင်းရွှေ့နေရာ ချထားပေးသည့် မိသားစုအိမ်ရာသို့သွားရောက်ပြီး ရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုများ အတွက် ဆန် (၁) အိတ်စီကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ မိသားစုတစ်စုလျှင် ငွေကျပ် ၅၀၀၀၀ စီထောက်ပံ့ပေးအပ်ခဲ့ကြကာ မိသားစုများ၏ လိုအပ်ချက် ဖြစ်သည့် လမ်းခင်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။


ယင်းနောက် (၇)မိုင်အောင်မြေကျေးရွာရှိ ပိုင်ရှင်ဦးလောတာ၏ ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သိန်း ၂၀ ဖြင့် ဝက်များမွေးမြူထားရှိမှုနှင့် ဒေသကြက်များမွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပိုင်ရှင်ဦးဇော်ဆိုင်းအောင်၏ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၅၆ သိန်းဖြင့် ဝက်များမွေးမြူထားရှိမှုနှင့် ခြံဝင်းအတွင်း မြေကွက်လပ်၌ တိရိစ္ဆာန်အစာပင်များ စိုက်ပျိုး ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပိုင်ရှင်ဒေါ်ဟောကြူဇုန်း၏ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၂၈ သိန်းဖြင့် ဝက်များ မွေးမြူထားရှိမှုကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇)မိုင်အောင်မြေကျေးရွာအား ခရိုင်အတွင်းမွေးမြူရေးဇုံတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာနေပြည်သူများအား စည်းရုံးဆောင်ရွက်သွားရန်နှင့် နည်းစနစ်ကျမွေးမြူနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးအထောက် အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ဗန်းမော်မြို့နယ် စီအင်ကျေးရွာအတွင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ကျေးရွာအတွင်းရှိလယ်ယာမြေများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ စီအင်ကန်အမှတ်(၁)နှင့် အမှတ်(၂)ကန်တို့အား ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၁၃၉.၅၉၇)သန်းဖြင့် ဖြတ်သန်းတည်ဆောက်ထားသည့် ကန်ဘောင်း အတွင်းအပြင် အစောင်းလိုက် ကျောက်အလှစီခြင်းနှင့် တာဘောင်ပေါ်တွင် သဲကျောက်လမ်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျေးရွာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး စိုက်ပျိုးမြေရေဝပ်နေရာများအတွင်း လယ်ဧကအခြေအနေနှင့် စီအင်ကွင်းအတွင်း စိုက်ဧက ၁၄၁ ဧကသို့ စိုက်ပျိုးရေ ပို့လွှတ်နိုင်ရေးနှင့်သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများ နှင့် ဆွေးနွေးကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ နေရပ်စွန့်ခွာမိသားစုများအား ပြောင်းရွှေ့နေရာချထားပေးသည့် စီအင်ကျေးရွာသစ်သို့ သွားရောက်ပြီး အိမ်ထောင်စုများနှင့် တွေ့ဆုံ ကာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်ပေါင်းများစွာ IDP စခန်းများတွင် နေထိုင်ခဲ့ကြပြီး ယခုလို နေရာသစ် ကို ပြောင်းရွှေ့နေထိုင်ကြမည်ဖြစ်သည့်အတွက်ခိုင်မာသည့် ရွှေ့ပြောင်းနေထိုင်မှုဖြစ်စေရေး ပိုမို ကြိုးစားကြရမည်ဖြစ်ပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများအနေဖြင့် လိုအပ်သည်များ ကိုအစဉ်တစိုက်ဖြည့်ဆည်းဆောင်ရွက်‌ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စီအင် ရွာသစ်အတွင်း ပြန်လည်ထူထောင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး IDP စခန်းတာဝန်ခံများက ရွှေ့ ပြောင်းနေထိုင်ရာတွင် ကျေးရွာအတွင်း လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကာ မိသားစုများပြန်လည်ထူထောင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၅၀)အား ထောက်ပံ့ပေးအပ် ခဲ့သည်။


ယင်းနောက်ကျေးရွာသစ်အတွင်း ပြည်နယ်ရန်ပုံငွေကျပ် (၂၄.၄၅)သန်းဖြင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် စက်ရေတွင်းနှင့် ရေစင်တည် ဆောက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြရန်ပုံငွေကျပ် ၁၉.၇ သန်းဖြင့် တည်ဆောက်လျက်ရှီသည့် ဆိုလာပန့်တည်ဆောက်နေမှုများ၊ ရေထွက်ရှိမှုအခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး စီအင်ကျေးရွာအထွက်တွင် လယ်ဧက ၁၄၀ ကျော်အား ကြည့်ရှုစစ်ဆေးကာ သီးထပ် စိုက်ပျိုးနိုင်ရေး စီအင်ရေကန်မှ ရေသွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့သည်။


ထို့နောက် မွန်းလွဲပိုင်းတွင် ဗန်းမော်အကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းထောင်အတွင်း အကျဉ်းသား/ အကျဉ်းသူများအား ရင်းရင်းနှီးနှီးလိုက်လံတွေဆုံ အားပေးစကားပြောကြားခဲ့ကြကာ အကျဉ်းထောင်ခန်းမ၌ အကျဉ်းဦးစီးဌာန၊ ထောင်မှူး၏ထောင်ဆိုင်ရာအချက်အလက်များ၊ လိုအပ်သည်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် အကျဉ်းသား/အကျဉ်းသူများအတွက် မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ဗန်းမော်မြို့ ဧရာဝတီမြစ်ကမ်းဘေး ကမ်းနားလမ်းပေါ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိ ကမ်းနားလမ်းသာယာလှပလာစေရေးနှင့် အများပြည်သူအပန်းဖြေရာ နေရာတစ်ခုဖြစ်ပေါ်လာစေရေး စီမံဆောင်ရွက်ထားရှိမှုများ အခြေအနေများနှင့်စပ်လဉ်း၍ တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ပန်းအလှပင်များ၊ မြက်ခင်းနှင့် ကမ်းနား လမ်းတစ်လျှောက် အားကစားလေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ထားရှိရေး မှာကြားခဲ့သည်။


ထိုမှတစ်ဆင့် ဗန်းမော်မြို့ ပင်စင်ကုန်းရပ်ကွက်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၄၅.၀၅ သန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ပေါက်ကုန်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေနှင့်တံတား၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗန်းမော်မြို့အထွက် (၃)မိုင် ရွှေပြည် သာရကွက်၊ ခါနန်ကျေးရွာ၌ နေရပ်စွန့်ခွာစခန်းနေ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများအား ပြောင်းရွှေ့နေထိင်ရာ အရပ်ဒေသတွင် အေးချမ်းတည်ငြိမ် စွာ၊ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရေး အားပေးမှာကြားပြီး  မိသားစုဝင်များ လိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး  အိမ်ထောင်စု (၃၀)စုအတွက် ဆန် (၁)အိတ်စီနှင့် စီးပွားရေးလုပ်ငန်းရှင် ၂ ဦး တို့က မိသားစုများ၏ ကျောင်းသားကလေးငယ်များအတွက် လိုအပ်သည် သုံးဘီးမော်တော်ဆိုင်ကယ်


တစ်စီးကို အသီးသီးထောက်ပံ့ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအတွက် သက် မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်နိုင်ရေး၊ လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေ စက်ရေတွင်းတူးဖော်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် (၂)မိုင်အောင်သာရပ်ကွက်အတွင်းရှိ ပိုင်ရှင်ဦးနော်လီ၏ခြံ၌ အဆိုပါရပ်ကွက် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်မွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြသည့် ကျေးရွာလုပ်ငန်း စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံကာ မွေးမြူရေး အထောက်အကူပြုဆေးဝါးပစ္စည်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခြံဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၂၄)သိန်းဖြင့် ဝက်များမွေးမြူထားရှိမှု အခြေအနေနှင့် စီးပွားဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် အဆိုပါ ရပ်ကွက်အတွင်းရှိ ဗန်းမော်ခရိုင်ကချင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် ကချင်ရိုးရာမနောတိုင်၊ မနောကွင်းအတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲနှင့် အဝင်မုဒ်ဦးပန္နက်ရိုက်တင်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ကော်မတီရုံး၌ ဘာသာရေးခေါင်းဆောင်များ၊ ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ကော်မတီဥက္ကဋ္ဌ ဦးဖော်လုလဝမ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဗန်းမော် ခရိုင်တွင် ကချင်လူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ မနောကွင်းအတွင်း မနောတိုင်ဆောင်ရွက်ပြီးစီးတော့ မည်ဖြစ်ပါကြောင်း၊ရိုးရာယဉ်ကျေးမှုသည် လက်ဆင့်ကမ်းထိန်းသိမ်းရမည့်အမွေအနှစ်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့၏ ရိုးရာအမွေအနှစ်များကို ဘိုးဘွား၊မိဘများဆီက လက်ဆင့်ကမ်းထိန်းသိမ်း ခဲ့သလို မိမိတို့၏ သားသမီး၊ နောင်လာနောက်သား လူငယ်လူရွယ်များကိုလည်း အလေးအနက်ထား တန်ဖိုးထား ထိန်းသိမ်းတတ်စေရေး လေ့ကျင့်သင်ကြား ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။


ထို့နောက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၃၅၀၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ်သိန်း ၁၀၀၊ စီးပွားရေးလုပ်ငန်းရှင်များက စုစုပေါင်း ငွေကျပ်သိန်း ၁၂၇၀ ကို အသီးသီးပေးအပ်လှူဒါန်းကြရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ကချင်တိုင်းရင်းသားတို့၏ ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြုခဲ့ကြသည်။


ဆက်လက်၍ မနောကွင်းအဝင် မုဒ်ဦးပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ သိက္ခာတော်ရဆရာက ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုရေးအဖွဲ့များ နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ မနောကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် အနောတိုင်နှင့် မနောရင်ပြင်တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)