ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်


MNP ၊ မေ ၂၀

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၁၃)ကြိမ်မြောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ သူရဦးဘိုနီနှင့် ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပညာရေးကဏ္ဍအဆင့်နိမ့်ကျမှုမရှိစေရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း သင်ယူနိုင်မှုအခွင့်အလမ်းများရရှိစေရေး နိုင်ငံတော်မှ KG+12 ပြောင်းလဲပြင်ဆင်ခဲ့ရာ မိမိတို့၏ကလေးများကို ပညာရေး ဆုံးခန်းတိုင်သည်အထိ သင်ယူနိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ကျောင်းအပ်နှံရေးလှုံ့ဆော်ပေးလျက်ရှိရာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သားသမီးများကို အချိန်မီကျောင်းအပ်နှံပြီး ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးရန်တာဝန်ရှိကြောင်း၊ အရည်အချင်းပြည့်ဝပြီး အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေး ပညာရေးကဏ္ဍထောက်ပံ့မှုများကို အဖွဲ့အနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားများ ကိုယ်တိုင်လေ့လာသင်ယူလိုစိတ်ရှိရန် လိုအပ်သလို မိဘများကလည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားကာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် တက္ကသိုလ်အဆင့် တက်ရောက်မည့် ဝန်ထမ်းသား သမီး ကျောင်းသား ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးများ၊ အခြေခံပညာအဆင့် တက်ရောက်မည့် ဝန်ထမ်းသားသမီးများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူ ၂၃ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၂၃ သိန်း၊ အခြေခံပညာ အဆင့် (အထက်တန်း၊ အလယ် တန်း၊ မူလတန်း) ကျောင်းသား ကျောင်းသူ ၁၄၀ အတွက် ပညာသင်ထောက်ပံ့ကြေးငွေကျပ် ၄၂ သိန်း၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများအတွက် ငွေကျပ် ၃၃ သိန်း စုစုပေါင်းငွေကျပ် ၉၈ သိန်း ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment